ဓနုဖြူ ၂၄ သြဂုတ် 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သည် နောင်အနာဂတ်တွင် နိုင်ငံတော်အတွက် အားထားရသော လူရည်ချွန်မောင်မယ်များ မွေးထုတ်ပေးနိုင်ရေးနှင့် နောင်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ အတုယူကောင်းများရရှိ၍ ကြိုးစားချင်စိတ် ဖြစ်ပေါ်လာစေရန်ဟူသော ရည်ရွယ်ချက်ကောင်းများဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများ၊ သင်ကြားမှု ထူးချွန်ဆရာ/ဆရာမများနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့ နံနက် ၉ နာရီက ဓနုဖြူမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဓနုဖြူမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” တေးသီချင်းအား ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး အမှတ်(၄)ရပ်ကွက် အမက(BBM)ကျောင်းမှ ကျောင်းသူလေးများက “အပျိုတော်” ယိမ်းအား ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ဦးက ဓနုဖြူမြို့နယ်၏ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်မှု အခြေအနေများနှင့် အားနည်းချက်၊ အားသာချက်များ၊ အောင်ချက်တိုးတက် မြင့်မားစေရန်အတွက် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့် ထူးချွန် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ဓနုဖြူမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း (ရွှေကူ) မှ အဋ္ဌမတန်း ကျောင်းသူ မအေးရတနာသျှန်က “ဗိုလ်ရှုသဘင်” သီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့သည်။ ယင်းနောက် ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးလွတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဂုဏ်ပြုဆုငွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်များအား အသီးသီးဆုချီးမြှင့်ခဲ့ကြပြီး ကျောင်းသားကျောင်းသူလေးများက အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများသည် ဓနုဖြူ မြို့နယ်၊ ကျုံတနီးကျေးရွာအုပ်စု၊ အ.ထ.က ကျုံတနီးတွင် မွန်းလွဲ ၁ နာရီခွဲက တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စီးပွားရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများမှ လျှပ်စစ်မီးရရှိရေးကိစ္စ၊ ကျောင်းအဆင့်တိုးမြှင့်နိုင်ရေးကိစ္စ၊ စွန့်လွှတ်မြေများ ပြန်လည်ရရှိရေးကိစ္စ၊ သရောသာအင်းရိုး၊ အိုင်ကြီးချောင်းရေမြောင်း၊ ပြင်ကသာအုပ်စုနှင့် အကျော်အုပ်စုကြားရှိ ရေမြောင်း၊ မဲပိတ်တူးမြောင်းများအား ပြန်လည်တူးဖော်ပေးစေလိုခြင်းကိစ္စ၊ ကုန်ထုတ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်တိုးမြှင့်ပေးစေလိုခြင်းကိစ္စ၊ ဆကာကြီး-ဥတိုလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင်မြှင့်တင်ပေးစေလိုခြင်းကိစ္စ၊ စံကင်းဖြတ်တာအတွက် လျော်ကြေးပေးစေလိုခြင်းကိစ္စ၊ စိုက်ပျိုးရေးသုံးသွင်းအားစုများ အရည်အသွေးကောင်း၍ ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးစေလိုခြင်းကိစ္စ၊ ဈေးသစ်ဆောက်လုပ်ပေးစေလိုခြင်းကိစ္စ၊ အ.ထ.က ကျုံတနီးကျောင်းတွင် တိုးချဲ့ဆောင်ချထားပေးစေလိုခြင်းကိစ္စ၊ ဓနုဖြူမြို့သို့ ဖြတ်သန်းစီးဆင်းသော ဗောဓိချောင်းအား ပန်းတနော်မြို့အနီးတွင် နှစ်နေရာပိတ်ထားခြင်းအား ဖွင့်ပေးစေလိုခြင်းကိစ္စ၊ ကလေးသူငယ်ဥပဒေအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်ပေးစေလိုခြင်းကိစ္စ၊ ရေလုပ်သားအစုအဖွဲ့အား ငွေထုတ်ချေးစေလိုခြင်းကိစ္စ၊ နှဲကောတမံဖြတ်ပိတ်သည့် ရေတံခါးအား အရှင်ထားပေးရန်ကိစ္စ၊ ယစ်မျိုးလိုင်စင်များနှင့် ညီညွှတ်မှုရှိမရှိ စိစစ်အရေးယူပေးစေလိုခြင်းကိစ္စ၊ ကျုံတနီး စက်မှုသီးနှံစွန့်လွှတ်မြေအား စိစစ်ဆောင်ရွက်ပေးစေလိုခြင်း ကိစ္စများအား တင်ပြမေးမြန်းကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကာ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး အ.ထ.က ကျုံတနီးကျောင်းအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်သူဟိဏ်း(ဓနုဖြူ)