ပုသိမ် ၂၄ ဩဂုတ်
ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော် ပုသိမ်မြို့ အမှတ်(၂) တံတားသစ်ကြီးအား ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်း နှင့် ငဝန်မြစ် အနောက်ဘက်ကမ်းရှိ ရပ်ကွက် (၉)၊ (၁၀) ရပ်ကွက်များသို့ ဆက်သွယ်ပေးထားသည့် တံတားတစ်စင်း ဖြစ်သည်။ ငဝန်မြစ်၏ အနောက်ဘက်ခြမ်း မြို့ပြအိမ်ရာများ တိုးချဲ့လာခြင်းနှင့် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရန်ဂျီ ကမ်းခြေများနှင့် ဟိုင်းကြီးကျွန်းသို့သာမက ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် ကမ်းခြေပတ်လမ်းများကို ချိတ်ဆက်သွားလာနိုင်ရေး ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တံတားအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တံတားတည်ဆောက်ရေး အဖွဲ့(၄)၊ တံတားအထူးအဖွဲ့ (၁၆)က တာဝန်ယူ တည်ဆောက်ခဲ့သည်။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်က ပန္နက်တင်ခဲ့ပြီး နိုဝင်ဘာ ၅ ရက်မှစ၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၂၀ပြည့်နှစ်၊ ဇူလိုင် ၃၁ ရက်နေ့က ပြီးစီးခဲ့ပြီး ဩဂုတ်လ ၂၂ ရက်နေ့က တံတားခံနိုင်ဝန်ကို စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ပြီးနောက် တံတားဖွင့်ပွဲမတိုင်မီ အချိန်အထိ လူစီးကားငယ်များကို နေ့စဉ်နံနက် ၅ နာရီမှ ည ၇ နာရီအထိ ဖြတ်သန်းခွင့် ခွင့်ပြုထားပြီးဖြစ်သည်။
တံတားအရှည်မှာ စုစုပေါင်း ၇၂၅ ဒသမ ၅ မီတာ (၂၃၈၀ ပေ)၊ ပင်မတံတားအရှည် ၃၃၀ မီတာ (၁၀၈၂ ပေ ၆ လက်မ)၊ ပုသိမ်ဘက်ကမ်း ချဉ်းကပ်တံတားအရှည် ၁၇၄ ဒသမ ၅ မီတာ (၅၇၂ ပေ ၆ လက်မ)၊ စိန်ကုန်းဘက်ကမ်း ချဉ်းကပ်တံတားအရှည် ၂၂၁ မီတာ (၇၂၅ပေ ) ဖြစ်ပြီး ယာဉ်သွားလမ်းအကျယ် ၈ ဒသမ ၅ မီတာ (၂၈ ပေ)၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၁.၅ မီတာ(၅ပေ)၊ ရေလမ်းကင်းလွတ်ခွင့် အမြင့် ၁၈ ဒသမ ၃ မီတာ (၆၀ ပေ)၊ ရေလမ်းကင်းလွတ်အကျယ် ၁၂၇ မီတာ (၄၁၆ပေ) ဖြစ်သည်။ တံတားအမျိုးအစားမှာ အောက်ခံအုတ်မြစ် 1.8m/1.2m၊ ဘိုးပိုင်တံတားကိုယ်ထည်မှာ အာရ်စီကွန်ကရစ် ဖြစ်ပြီး တံတားအပေါ်ထည်မှာ သံမဏိသံပေါင်ဂုံးတံတား ဖြစ်သည်။
အဆိုပါ တံတားသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပေ(၁၈၀)အထက် မြစ်ကူးတံတားကြီးများအနက် လက်ရှိအစိုးရ လက်ထက် (၁၅) စင်းမြောက်ဖြစ်ပြီး လာမည့်စက်တင်ဘာလအတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုတွတ်(ပြန်/ဆက်)


