ဝါးခယ်မ ၂၁ မေ
မြန်မာနိုင်ငံ၌ကျန်ရှိနေသည့် ကြိုးကြာငှက်များ မျိုးသုန်းပျောက်ကွယ်မှု မရှိစေရန် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကြိုးကြာငှက်ထိန်းသိမ်းရေး သုတေသနလုပ်ငန်းများကို သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)၊ သစ်တောဦးစီးဌာန၊သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ ဝန်ထမ်းများ၊ အဆိုပါ တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့ရှိ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဒေသခံဆက်စပ်အဖွဲ့အစည်းများ ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) ငှက်ပညာရှင် ဦးသက်ဇော်နိုင်ထံမှ သိရသည်။
မြန်မာနိုင်ငံ၌ ကြိုးကြာခေါင်းမည်း၊ ကြိုးကြာခေါင်းနီနှင့် ကညာကြိုးကြာဟူ၍ မှတ်တမ်းတင်ထားသည့် မျိုးစိတ်သုံးမျိုးရှိပြီး ဧရာဝတီတိုင်းဒေသကြီးမြစ်ဝကျွန်းပေါ်၌ ကျက်စားနေထိုင်ကြသည့် ကြိုးကြာခေါင်းနီငှက်မျိုးစိတ် SARUS CRANE များကို သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)နှင့်အတူသက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ ကြိုးကြားငှက်ထိန်းသိမ်းရေးသုတေသနလုပ်ငန်းများကို ၂၀၁၆ ခုနှစ်မှစတင်၍ ယခုနှစ်အထိ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
"၂၀၁၆ ခုနှစ်ကစပြီး ထိန်းသိမ်းရေးသုတေသနလုပ်ငန်းကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ စတင်ခဲ့တဲ့နှစ်ကဆိုရင် အသိုက် ၃၃ သိုက်ပဲတွေ့တာ။ ၂၀၁၇ ခုနှစ်ကျတော့ ၁၃၈ သိုက်တွေ့တယ်။ ၂၀၁၈ ခုနှစ် မျိုးပွားရာသီမှာဆိုရင် ၁၈၂ သိုက်ထိတွေ့ခဲ့တယ်။ အသိုက်အရေအတွက် တွေ့ရှိမှု အခြေအနေက တစ်နှစ်ထက်တစ်နှစ်ပိုတိုးလာတယ်။ ဒီလိုတစ်နှစ်ထက်တစ်နှစ် အရေအတွက် ပိုတိုးပြီးတွေ့ရတဲ့အဓိကအကြောင်းအရင်းကတော့ ဒေသခံတွေက ကျွန်တော်တို့နဲ့ ပူးပေါင်းပြီးထိန်းသိမ်းရေး သုတေသနလုပ်ငန်းတွေမှ ာပူးပေါင်းပါဝင်လာတဲ့အတွက် အခုလိုတိုးပြီးတွေ့လာရခြင်းဖြစ်တယ်။ အကောင်ရေခန့်မှန်းခြေအနေနဲ့ ပြောရရင်ဧရာဝတီတိုင်းဒေသကြီးမှာတော့ အကောင် ၆၀ဝ လောက် ရှိမယ်လို့ခန့်မှန်းရတယ်" ဟုဦးသက်ဇော်နိုင်က ပြောသည်။
အဆိုပါငှက်မျိုးစိတ်များသည် ကချင်ပြည်နယ်ရှိ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အင်းလေးဒေသ၊ ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ကယားပြည်နယ်၊ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့ရှိ နေရာဒေသအချို့၌ ကျက်စားလျက်ရှိသည့်အပြင် ဧရာဝတီတိုင်းဒေသကြီး၌ လပွတ္တာဧရိယာ၊ ဘိုကလေးဧရိယာ၊ ဖျာပုံဧရိယာမှလွဲ၍ ကျန်မြို့နယ်များတွင် အများဆုံး ကျရောက်ကျက်စားလျက်ရှိကြောင်း သိရသည်။
ကြိုးကြာငှက်ထိန်းသိမ်းရေးလုပ်ငန်းများကို သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)က ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသခံတောင်သူများအား လယ်ထဲရှိကြိုးကြာငှက်သိုက်များကို မဖျက်ဆီးရေးနှင့် ပူးပေါင်းထိန်းသိမ်းနိုင်ရေးအတွက် ပညာပေးဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိပ္ပံအမည် Grusantigone ဟုခေါ်သော ကြိုးကြာခေါင်းနီမျိုးစိတ်ကို အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (International Union for Conservation of Nature -IUCN) က မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သောမျိုးစိတ် (VU)အဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံအနေဖြင့် အမိန့်ကြော်ငြာစာ ၅၈၃/၉၄ အရ လုံးဝကာကွယ်ထားသည့် ငှက်များစာရင်းတွင် ထည့်သွင်းထားကြောင်းလည်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ - ပိန်းဇလုပ် သိန်းညွန့်
