ပုသိမ် စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းက ပုသိမ်မြို့ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး ဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ယခုလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ၅ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးပြိုင်ပွဲ မကျင်းပမီကပင် ဗဟိုမှသတ်မှတ်ပေးထားသည့် ပြိုင်ပွဲဝင်ဘာသာရပ်အားလုံးကို ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်တွန်းအားပေးဆောင်ရွက်ခဲ့ရာ ပြိုင်ပွဲအားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပြီး အကဲဖြတ် အဖွဲ့များအနေဖြင့်လည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်၍ ရွေးချယ်ခဲ့ကြပါကြောင်း၊ ယခုပြိုင်ပွဲမှ ဆုရရှိသူများအနက်မှ အရည်အသွေးပြည့်ဝသူများကို စိစစ်ရွေးချယ်ပြီး စနစ်တကျ စခန်းသွင်းလေ့ကျင့်ပြီး အားနည်းချက်၊ အားသားချက်များ ပြင်ဆင်ဖြည့်ဆည်း ဆောင်ရွက်ရန်လိုပါကြောင်း၊ (၂၂)ကြိမ်မြောက် ပြိုင်ပွဲတွင် တိုင်းဒေသကြီး၊ ပြည်နယ်ဆုရရှိမှု တန်းစီဇယားတွင် တိုင်းဒေသကြီးအနေဖြင့် စတုတ္ထနေရာရရှိခဲ့ပြီး ယခု (၂၃)ကြိမ်မြောက် ပြိုင်ပွဲတွင် ပိုမိုအောင်မြင်မှုရရှိစေရေး ပြိုင်ပွဲဝင်များ၊ ပံ့ပိုးနည်းပြပညာရှင်များအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ထို့ပြင် ရုပ်စုံသဘင်နှင့် ရာမာယဏဇာတ်တော်ကြီး ထည့်သွင်းယှဉ်ပြိုင်သွားမှာဖြစ်၍ ယခင်ရရှိခဲ့သည့် အောင်မြင်မှုများထက် ပိုမိုသာလွန်အောင် ဘက်စုံထောင့်စုံက အားဖြည့်ဆောင်ရွက်ကြစေလိုကြောင်းနှင့် မျိုးဆက်ဟောင်း မျိုးဆက်သစ် အနုပညာရှင်များဟာ မိမိတို့ရဲ့ အနုပညာဖန်တီးနိုင်စွမ်းကို အသုံးချပြီး ဗဟိုအဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွက် ဆုတံဆိပ်များရယူနိုင်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်က အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသူများနှင့် ကျေးလက်ရိုးရာ အကအဖွဲ့၊ မဖွန်တိုင်းရင်းသားရိုးရာ အကအဖွဲ့၊ ရာမာယဏဇာတ်တော်ကြီးအဖွဲ့နှင့် ရုပ်စုံသဘင်အဖွဲ့တို့အား ပြိုင်ပွဲဝင်ဂုဏ်ပြုဆုများအား လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးမှ အဆိုပြိုင်ပွဲ ပထမဆုရရှိသူများနှင့် အကပြိုင်ပွဲ(အဖွဲ့လိုက်) ဆုရရှိသူများအား လည်းကောင်း၊ ဒုတိယတိုင်းမှူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပါတယ်။
ယင်းနောက် ပြိုင်ပွဲဘာသာရပ်အလိုက် ဆုရရှိသူများ၏ ပြန်လည်သီဆို၊ ကပြ၊ တီးခတ်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဝန်ကြီးချုပ်က ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကာ ပထမဆုရရှိသည့် ပုသိမ်ခရိုင်၊ ဒုတိယဆုရရှိသည့် မအူပင်ခရိုင်၊ တတိယဆုရရှိသည့် ဟင်္သာတခရိုင်များအား တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ခရိုင်အသီးသီးမှ အဆိုပြိုင်ပွဲဝင် ၅၇ ဦး၊ အကပြိုင်ပွဲဝင် ၁၉၁ ဦး၊ အရေးပြိုင်ပွဲဝင် ၈ ဦး၊ အတီးပြိုင်ပွဲဝင် ၁၇၈ ဦး၊ စုစုပေါင်းပြိုင်ပွဲဝင် ၄၃၄ ဦးဖြင့် ပြိုင်ပွဲဝင်ခဲ့ကြရာ ပြိုင်ပွဲအလိုက် ပထမဆု ၈၃ ဆု၊ ဒုတိယ ၄၇ ဆု၊ တတိယ ၂၉ ဆု၊ နှစ်သိမ့်ဆု ၁၇ ဆုဖြင့် ဆုတံဆိပ်စုစုပေါင်း ၁၇၆ ဆု ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)