ပုသိမ် ဇန်နဝါရီ ၂

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ အစည်းအဝေးသို့တက်ရောက်လာသူများနှင့် ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများက မဲရုံများ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရှိမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ အချိန်မီရောက်ရှိရေးနှင့် လိုအပ်သည့်ပြင်ဆင်မှုများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မဲရုံမီးဘေးလုံခြုံရေးများ ဆောင်ရွက်ထားရှိမှု၊ မဲရုံအတွင်းအပြင် လုံခြုံရေးဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၂)ကို ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည်ဖြစ်ရာ အပိုင်း(၁)၏ အားနည်းချက်များကို သုံးသပ်၍ လိုအပ်ချက်များ ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအပိုင်း(၂) ကျင်းပရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲရုံပရဝဏ်အတွင်း အချိန်မီရောက်ရှိရေးကိုလည်း ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လုံခြုံရေးအားနည်းသော ဒေသများတွင် ခြိမ်းခြောက်မှုများ၊ နှောင့်ယှက်မှုများ မဖြစ်ပေါ်စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း” မှာကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ဆက်လက်ပြုလုပ်သည့် စွမ်းဆောင်မှုဆိုင်ရာ ထူးချွန်မှု ဂုဏ်ထူးဆောင်ဆုတံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အတွင်းရေးမှူးက စွမ်းဆောင်မှုဆိုင်ရာ ထူးချွန်မှု ဂုဏ်ထူးဆောင်ဆုတံဆိပ်များ ချီးမြှင့်နိုင်ရေး လျာထားသူများစာရင်းကို ရှင်းလင်းတင်ပြပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုတံဆိပ်များချီးမြှင့်နိုင်ရေးအတွက် ထောက်ခံဆွေးနွေးကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)