ရေကြည် ၂၆ ဩဂုတ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီမှ ရေကြည်မြို့နယ်အတွင်း စွန့်လွှတ်မြေများအား မူလပိုင်ရှင်များလက်ဝယ်သို့ ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ရေကြည်မြို့ပြည်သူ့ခန်းမ၌ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်က တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် စွန့်လွှတ်မြေများအား မူလပိုင်ရှင်များထံသို့ လွှဲပြောင်းပေးအပ်ရာတွင်ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က စိုက်ပျိုးရေးဦးစီးဌာန ရေနံ့သာစိုက်ကွင်းမှ စွန့်လွှတ်မြေ(၂၉၉.၄၁)ဧကအား မကျဉ်းလဟာကျေးရွာအုပ်စုရှိ တောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ်ဦးကျော်ဝင်းထံသို့လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးတင်အောင်ဝင်းက ငါးသိုင်းချောင်းမြို့ ရွှေဘိုရပ်ကွက်နေ ဒေါ်ခင်မျိုးဝင်းထံသို့လည်းကောင်း၊ ဧရာဝတီတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီအတွင်းရေးမှူးဦးသန်းဆွေဝင်းက ကျားချောင်ကျေးရွာအုပ်စု ကျုံပျော်၊ ရေကြည်၊ ကြာအင်း၊ ကျားချောင်ဖြတ်လမ်းအတွက် ကျားချောင်ကျေးရွာအုပ်စုနေ ဦးခင်ဝင်းထံသို့လည်းကောင်း ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)များကို အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် တောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ်ဦးကျော်ဝင်းမှ ကျေးဇူးတင်စကားပြန် လည်ပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)


