ပန်းတနော  ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉ နာရီက ပန်းတနော်မြို့နယ်တွင် လေပြင်းတိုက်ခတ်၍ ပြိုကျပျက်စီးသွားသောနေအိမ်များအား ထောက်ပံ့ငွေပေးအပ် ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့သည် မြေနုကျေးရွာသို့ ရောက်ရှိပြီး ရုတ်တရက်လေပြင်းတိုက်ခတ်၍ ပြိုကျပျက်စီးသွားသောနေအိမ်များအား ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကာ အားပေးစကားပြောကြားခဲ့သည်။ 

ဆက်လက်၍ ဆုတောင်းပြည့်ကျေးရွာအုပ်စုရှိ တောင်သူဦးမန်းငြိမ်မောင်၏ လယ်ယာမြေဧက ၂၀ တွင် သစ်စိမ်း မြေသြဇာ(ပိုက်ဆံလျှော်)ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲ၌ တောင်သူများနှင့်တွေ့ဆုံ၍ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) နှင့်ပတ်သက်သည့်အကြောင်းအရာများအား အသိပညာပေးဆွေးနွေးခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေတောက်ထိန်ကုမ္ပဏီမှ ဆောင်ရွက်သောအရှည် ခြောက်ဖာလုံကွန်ကရစ်လမ်းခင်းခြင်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့သလို ဆုတောင်းပြည့်ကျေးရွာမူလတန်းကျောင်းပြင်ဆင်ပြီးစီးမှုကိုလည်းကြည့်ရှု၍ လိုအပ်သည်များဖြည့်ဆည်းပေးနိုင်ရေး ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ ဆက်)