ရန်ကုန် ၄ နိုဝင်ဘာ      

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်အတွက် ဂျာမနီသံရုံးမှ We Love Yangan လူထုအခြေပြုပရဟိတအသင်းသို့ အလှူငွေကျပ် (၁၅၄,၁၀၅,၀၀၀) ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်း စည်ပင်ရိပ်သာဓမ္မာရုံ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးဖြိုးမင်းသိန်းက  လက်ခံရယူကြောင်း  သိရသည်။

 

လှူဒါန်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး အလှူရှင် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး H.E Mr. Christian-Ludwing  Weber-Lortsch အလှူငွေလှူဒါန်းရခြင်းကို ရှင်းလင်းသည်။ ထို့နောက်  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးဖြိုးမင်းသိန်း က အလှူရှင်ဂုဏ်ပြုလွှာပေးအပ်ပေးပြီး  We Love Yangan  လူထုအခြေပြု    ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ  ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး  အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မြန်မာနိုင်ငံဆိုင်ရာ   ဂျာမနီသံအမတ်ကြီး  H.E Mr.Christian-Ludwing  Weber-Lortsch နှင့် We Love Yangan လူထုအခြေပြုပရဟိတအသင်းမှ အလုပ်အမှုဆောင်တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)