ထားဝယ် ၉ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် သင်္ဂဟဂျဲန်ဒါအဖွဲ့တို့ ပူးပေါင်းပြီး သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာ ဝန်ထမ်းများအား ဂျဲန်ဒါဆိုင်ရာစွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ Diamond Crown Hotel ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က အမှာစကား ပြောကြားရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ဘေဂျင်းကြေညာချက်ပါ လုပ်ငန်းစဉ်(၁၂) ပါဝင်သော အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)ကို ချမှတ်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် အမျိုးသား/အမျိုးသမီးတန်းတူညီမျှရေးနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဌာနအသီးသီးနှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ သင်တန်းသားများက သင်တန်းပို့ချပေးမှုအား စိတ်အားထက်သန်စွာ လေ့လာသင်ယူပြီး သင်တန်းကို အောင်မြင်ချောမွေ့စွာ လေ့လာသင်ယူသွားကြရန်လိုကြောင်း ပြောကြားသည်။
ထိုနောက် သင်္ဂဟဂျဲန်ဒါအဖွဲ့အစည်း၊ အမှုဆောင် ဒါရိုက်တာ ဦးခွန်ဘီလီကံမြတ် က နှုတ်ခွန်းဆက်စကား ပြောကြားပြီး လိင်နှင့်ဂျဲန်ဒါ ၊ ဂျဲန်ဒါဆိုင်ရာလူမှုပုံစံသွတ်သွင်းခြင်းနှင့် ကိုယ်တိုင်ခံယူကျင့်သုံးခြင်း ၊ ဂျဲန်ဒါဆိုင်ရာပုံသေ ကားကျယူဆချက် ၊ ဂျဲန်ဒါဆိုင်ရာ ခွဲခားဆက်ဆံခြင်း ၊ ဂျဲန်ဒါနှင့်စွမ်းအား ၊ အမျိုးသားကြီးစိုးမှုစနစ် ၊ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုများစသည့် ခေါင်းစဉ်များဖြင့်ရှင်းလင်းဆွေးနွေးပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ ၊ သင်္ဂဟဂျဲန်ဒါအဖွဲ့အစည်း၊ အမှုဆောင်ဒါရိုက်တာနှင့် တာဝန်ရှိသူများ ၊ သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာဝန်ထမ်းများ ၊ ဖိတ်ကြားထားသူများ တက်ရောက်ပြီး ဆွေးနွေးပွဲကို ဇူလိုင် ၁၁ ရက်နေ့ ရှင်းလင်းဆွေးနွေးမှာဖြစ်ကြောင်း ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။
MDN


