ချောက် မတ် ၂၅
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဇီးပွားအုပ်စု၊ ဂွေးပင်ချိုရိုးကျေးရွာ၌ ကျေးလက်နေ ပြည်သူများ သောက်သုံးရေ အဆင်ပြေ လွယ်ကူစွာ ရရှိစေရေးအတွက် ဆိုလာစနစ်ဖြင့် ရေတင်ခြင်းလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မတ် ၂၂ ရက်တွင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုလုပ်ငန်းများကို၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် မူလရန်ပုံငွေ ကျပ် ၁၃ ဒသမ ၆ သန်းဖြင့် တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးဆောင်ကာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်မေသက်နိုင်နှင့် ဝန်ထမ်းများ ကြီးကြပ်၍ ဆိုလာအချပ် ၂၀ တပ်ဆင်ခြင်းလုပ်ငန်းများကို မတ် ၁၅ ရက်မှစ၍ ဆောင်ရွက်ခဲ့ရာ မတ် ၂၂ ရက်တွင် တပ်ဆင်ခြင်းလုပ်ငန်းများ ပြီးစီးခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဆိုလာစနစ်ဖြင့် ရေတင်ခြင်းတွင် ဆိုလာတစ်ချပ် ဝပ် ၄၅၀ ဖြင့် ဆိုလာအချပ် ၂၀ တပ်ဆင်ခြင်းဖြစ်ကာ တစ်နာရီလျှင် ရေဂါလန် ၁၈၀၀ ရေတင်ရရှိ၍ ကျေးရွာရှိ အိမ်ထောင်စု ၁၅၆ စု၊ လူဦးရေ ၇၀၆ ဦးတို့မှာ သောက်သုံးရေ အဆင်ပြေလွယ်ကူစွာ ရရှိကြောင်းနှင့် ရေမီတာခနှင့် စက်သုံးဆီ ကုန်ကျမှုမရှိတော့ဘဲ ရေကိုအသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
ကျော်မိုး(ပြန်/ဆက်)


