ရန်ကုန် ၂၈ ဇူလိုင်
ဂျီတီအိုင်ကျောင်းသားဟောင်းများအသင်းမှ စီစဉ်ဖွင့်လှစ်သော လျှပ်စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ဂျီတီအိုင်ကျောင်းဝင်းအတွင်း ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးနှင့် ဂျီတီအိုင်ကျောင်းသားဟောင်းများအသင်း ဥက္ကဋ္ဌ ဦးငြိမ်းအောင်တို့က အမှာစကားပြောကြားခဲ့ကြသည်။
လျှပ်စစ်သင်တန်းတွင် Commercial wiring course နှင့် Transmission &Distribution course ဘာသာရပ်နှစ်ခုပါဝင်ပြီး သင်တန်းကာလမှာ ၇ လကြာမြင့်ကြောင်း သိရသည်။
သင်တန်းကာလအတွင်း သီအိုရီ၊ လက်တွေ့လုပ်ငန်းခွင် လက်တွေ့သင်တန်းများပါဝင်ပြီး လေ့လာရေးခရီးသွားရောက်ခြင်းများလည်းပါဝင်ကြောင်း သိရသည်။ ယနေ့ကျင်းပသော သင်တန်းဆင်းပွဲသည် ၇ ကြိမ်မြောက်ဖြစ်ကာ သင်တန်းသား ၂၈ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။ စတင်ဖွင့်လှစ်စဉ်မှ ၇ ကြိမ်မြောက် သင်တန်းအထိ သင်တန်းသား ၂၄၅ ဦး တက်ရောက်သင်ကြားပြီးဖြစ်ကြောင်း သိရသည်။
ဂျီတီအိုင်ကျောင်းသားဟောင်းများအသင်းက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် အထောက်အကူ ဖြစ်စေရန် အတွက် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်လျက်ရှိရာ လျှပ်စစ်သင်တန်းလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ဂျပန်နိုင်ငံတွင် အသုံးပြုလျက်ရှိသည့် သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ စဖွင့်ခဲ့တာက ဂျပန်တွေက ဒီမှာသီလဝါတို့ဘာတို့ လုပ်မယ်ဆိုတော့ ကျွမ်းကျင်လုပ်သားတွေ လိုလာပြီလေ။ သူတို့က သင်တန်းဖွင့်မယ်။ အထောက်အကူပေးမယ်ဆိုတော့ အဖွဲ့အစည်းတွေနဲ့ လိုက်ချိတ်တဲ့အခါကျတော့ ကျွန်တော်တို့နဲ့ လာချိတ်မိတာပေါ့။ ကျွန်တော်တို့လဲ ဂျပန်မှာ သွားလေ့လာပြီး နှစ်ဖက်နားလည်မှုစာချွန်လွှာမှာလက်မှတ်ထိုးပြီး စဖြစ်တာပါ” ဟု ဂျီတီအိုင်ကျောင်းသားဟောင်းများအသင်းမှ ကိုဖိုးအေးကပြောကြားသည်။
သင်တန်းဖြစ်မြောက်ရေးအတွက် ဂျပန်နိုင်ငံမှ ၉၀ ရာခိုင်နှုန်း၊ ဂျီတီအိုင် ကျောင်းသားဟောင်းများ အသင်းမှ ၁၀ ရာခိုင်နှုန်းထောက်ပံ့ကာ ဖွင့်လှစ်ထားခြင်းဖြစ်သည်။ သင်တန်းသို့ နဝမတန်းအောင်မြင်ပြီးသူများ၊ တက္ကသိုလ်ဝင်တန်း မအောင်မြင်သေးသူများ လျှောက်ထားနိုင်ပြီး ဝင်ခွင့်အနေဖြင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ်များ ဖြေဆိုရမည်ဖြစ်သည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - အာကာစိုး


