ဘားအံ ၉ ဩဂုတ်
ကရင်ပြည်နယ်တွင် မြစ်ချောင်းများ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ ဩဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းမှစ၍ ဘားအံ-ကော့ကရိတ်-မြဝတီလမ်းပိုင်း ဂျိုင်း-ကော့ကရိတ် တံတားတွင် ဂျိုင်းမြစ်ရေမြင့်တက်လာသည့်အတွက် ပွန်တွန်းဘောတံတားချဉ်းကပ်လမ်း ရေမြုပ်နေသည့်အတွက် ကားကြီးများ တစ်စီးနှင့်တစ်စီးစောင့်ဆိုင်းသွားလာနေရပြီး ယာဉ်ငယ်များသွားလာရန် ခက်ခဲနေကြောင်း သိရသည်။
ဘားအံ-ကော့ကရိတ်-မြဝတီလမ်းပိုင်း ဂျိုင်းမြစ်ရေမြင့်တက်လာမှုကြောင့် ကျားကလေးနှင့် ကျုံဒိုးကြားကားလမ်းမကြီးပေါ်တွင် (၅)နေရာခန့် ရေကျော်နေသည့်အတွက် ယာဉ်ငယ်များ ဖြတ်သန်းသွားလာမှု အဆင့်မပြေ ဖြစ်နေသောကြောင့် ယဉ်ငယ်များ အနေဖြင့် ထီလုံ-တာပေါင်-ပတ-နဘူး-တံတားကြိုး(ကော့ကရိတ်)လမ်းဘက်မှ သွားလာကြပါက အဆင်ပြေမည်ဖြစ်ကြောင်း သို့သော် အဆိုပါလမ်းတွင် သစ်သားတံတားများရှိနေသည့်အတွက် ယာဉ်ကြီးများ ဖြတ်သန်းသွားလာမှုမပြုကြရန် ပြည်နယ်လမ်းဉီးစီးဌာနမှ နိုးဆော်ထားသည်။
ဂျိုင်းမြစ်ရေမြင့်တက်လာမှုကြောင့် ကျုံဒိုးမြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း(၃)ခုကို ဖွင့်လှစ်ထားရှိပြီး အိမ်ထောင်စု ၁၆၁ စု၊ လူဉီးရေ ၇၄၂ ဉီး ပြောင်းရွှေ့နေထိုင်လျက်ရှိကာ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


