လဲချား ၂ စက်တင်ဘာ
၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လဲချားမြို့နယ်၌ လိုအပ်သော ဂါလန် ၈၀၀ ဆံ့ မီးငြှိမ်းသတ်ယာဉ်တစ်စီးကို တာဝန်ရှိသူများက ယမန်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ လွှဲပြောင်း လက်ခံရယူခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ် မီးသတ်စခန်းအနေဖြင့် ယခင်က မီးငြှိမ်းသတ်ယာဉ်တစ်စီးရှိခဲ့ပြီး ယခုအခါတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် SINO TRUCK (HOWO) ဂါလန် ၈၀၀ ဆံ့ မီးငြှိမ်းသတ် ယာဉ်တစ်စီး ထပ်မံဖြည့်တင်းထားရှိပြီးဖြစ်ကာ မိမိတို့မြို့နယ်အနေဖြင့် မီးဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့ပါက ထိရောက်သော တုံ့ပြန်မှုများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒု-မီးသတ်ဦးစီးမှူး ဦးကျော်မင်းနိုင်၏ ပြောပြချက်အရ သိရသည်။
အဆိုပါ လွှဲပြောင်းလက်ခံရယူခဲ့သော မီးငြှိမ်းသတ်ယာဉ်အား အချိန်မတိုင်ခင် ယိုယွင်းပျက်စီးမှု မရှိစေရေးနှင့် မီးငြှိမ်းသတ်နိုင်မှုစွမ်းရည်ပြသမှုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဥက္ကာ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ် သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင်(ပြန်/ဆက်)


