ဂန့်ဂေါ ၁၆ ဩဂုတ်
ကျေးရွာမီးလင်းရေးဖွင့်ပွဲကို ဂန့်ဂေါမြို့နယ် ရွှေဘိုကျေးရွာအုပ်စု၊ သင်တောကျေးရွာ ထရန်စဖော်မာအနီး၌ ယမန်နေ့နံနက်က ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အော်ရွန်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြသည်။
မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီးရရှိပြီဖြစ်သည့်အတွက် သင်တောကျေးရွာရှိ စေတီ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ကျေးရွာရုံး၊ ကျေးရွာလမ်း၊ လူနေအိမ်(၂၂၀)တို့တွင် လျှပ်စစ်မီးရရှိပြီဖြစ်ကြောင်း သိရသည်။
အလားတူ အဆိုပါနေ့တွင် နှမ်းခါးကျေးရွာအုပ်စု တော်ဝင်ကျေးရွာ၊ တောင်ခင်ရန်းကျေးရွာ၊ သာလင်းကျေးရွာ၊ ရွှေဘိုကျေးရွာ၊ မြောက်ခင်ရန်းကျေးရွာ၊ ကုက္ကားကျေးရွာနှင့် ဟံသာဝတီကျေးရွာတို့တွင် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲများ ကျင်းပကြကြောင်းနှင့် အဆိုပါကျေးရွာများရှိ အိမ်ခြေပေါင်း (၄၁၁၀)မှ ပြည်သူ (၂၂၆၂၃)ဦးတို့သည် လျှပ်စစ်မီးနှင့် လျှပ်စစ်ဓါတ်အားတို့နှင့် ဆက်စပ်သည့် အကျိုးကျေးဇူးများ ရရှိခံစားနိုင်ကြပြီဖြစ်ကြောင်း သိရသည်။
အဆိုပါမီးလင်းရေးဖွင့်ပွဲများသို့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)