ဂန့်ဂေါ ၂၉ နိုဝင်ဘာ 

ဂန့်ဂေါမြို့နယ်အတွင်း ကျေးရွာအများစုသည် တောင်မှ မြောက်သို့ စီးဆင်းသည့် မြစ်သာမြစ် ဝန်းကျင်တွင် တည်ရှိကြသည့်အတွက် မိုးရာသီတွင် မြစ်ကိုလှေငယ်ဖြင့်ဖြတ်သန်းကြရပြီး ရေနည်းသည့် ဆောင်းရာသီရောက်လျှင် ယာယီရေငယ်တံတားများ ဆောက်လုပ်လျက် ဖြတ်သန်းဆက်သွယ်ကြသည်။ 

ယခုအခါ ရေငယ်တံတားများကို သစ်၊ ဝါးများအသုံးပြုကာ ကျေးရွာများအလိုက် ဆောက်လုပ်လာကြပြီး လွယ်ကူစွာဖြတ်သန်းနိုင်ကြသည်။ နိုင်ငံတော်အစီအစဉ်၊ တိုင်းဒေသကြီး အစီအစဉ်များဖြင့် ဆောက်လုပ်သည့် ထီးလင်း - ဂန့်ဂေါ ကားလမ်းရှိ မင်းရွာ မြစ်ကူးတံတား၊ ပျားရွာ မြစ်ကူးတံတား၊ ဂန့်ဂေါ - ဟားခါးကားလမ်းရှိ စိုင်ဒူး တံတား၊ ဂန့်ဂေါ - ကလေး ရထားလမ်းတွင် ကျွန်းခုံသာ မြစ်ကူးတံတားတို့အပြင် မြေနီကြိုးတံတား၊ သာလင်း - မြင်သား ကျေးလက်လမ်းရှိ မြစ်ကူးတံတား၊ ဂန့်ဂေါ - အနောက်ဂန့်ဂေါ မြစ်သာမြစ်ကူးတံတားတို့ နှင့် အလှူရှင်၊ စေတနာရှင်များ ဆောက်လုပ်သည့် လက်ပန် - မောက်ကြိုးတံတား၊ မြင်းဇာရွာ မြစ်ကူးကြိုးတံတားတို့ ရှိနေပြီးဖြစ်သော်လည်း မြစ်အရှေ့ဘက်၊ အနောက်ဘက်တွင် ကျေးရွာများ များပြားနေသည့်အတွက် ရေနည်းချိန် ရေငယ်လူကူးတံတားများကို ဆောက်လုပ်နေကြခြင်းဖြစ်ကြောင်း  ဒေသခံတစ်ဦးက ပြောသည်။ 
ရေနည်းချိန်တွင် ဆောက်လုပ်ကြသည့် ယာယီရေငယ်တံတားများသည် ဒေသခံများအတွက် တစ်ရွာနှင့် တစ်ရွာ ဆက်သွယ်သွားလာမှု လွယ်ကူစေသည့်အပြင် လူမှုရေး၊ စီးပွါးရေး၊ ပညာရေး ၊ ကျန်းမာရေးတို့အတွက် များစွာ အထောက်အကူ ဖြစ်စေလျက်ရှိကြောင်း သိရသည်။

၁၄၄