ရန်ကုန် မေ ၁၄
မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ အထည်ချုပ် လုပ်ငန်း အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ် ပြုလက်မှတ်များ ထုတ်ပေးနိုင်ရန် ကျွမ်းကျင်မှုစစ်ဆေးအကဲ ဖြတ်လုပ်ငန်းဆောင်ရွက် နေသော ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်ရှိ Golden Shine Garment Assessment Center သို့ ရောက်ရှိစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက အထည်ချုပ်လုပ်ငန်းသည် လုပ်သားအခြေပြု လုပ်ငန်းဖြစ်၍ အလုပ်အကိုင် အခွင့်အလမ်းများ များစွာဖန်တီးပေးနိုင်ကြောင်း၊ အထည်ချုပ်လုပ်သားအားလုံး NSSA အသိအမှတ် ပြုလက်မှတ်ရ ယူထားခြင်းဖြင့် စိတ်ဓာတ်၊ ခွန်အားရရှိစေပြီး ကုန်ထုတ်စွမ်းအားမြင့်မားရေးအတွက် မောင်းနှင်အားဖြစ်ကာ အရည်အသွေးမီ အထည်များချုပ်လုပ်ပေးခြင်းဖြင့် စက်ရုံ၏ဂုဏ်သိက္ခာကို မြင့်မားစေ၍ ကုန်အပ်နှံမှု ပိုမိုရရှိခြင်းဖြင့် အလုပ်သမားများ၏ ဝင်ငွေမြင့်မားစေပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှု အတွက် အကျိုးရှိသဖြင့် အလေးထားဆောင်ရွက်ရန်လိုကြောင်း မှာကြားပြီး ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခံ ယူနေသည့် လုပ်သားများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လုပ်သားအင်အား (၆၆၀)ဦးရှိသည့် SEO HO အထည်ချုပ်စက်ရုံနှင့် လုပ်သားအင်အား (၆၃၆၀)ဦးရှိသည့် Mila Garden ဖိနပ်ချုပ်စက်ရုံသို့ ရောက်ရှိပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးအတွက် အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် အကျိုးပြုနေသည်ကို ကောင်းစွာနားလည်သဘောပေါက်ရန်လိုကြောင်း၊ ကျွမ်းကျင်လုပ်သား များ ပြုစုပျိုးထောင်နိုင်သည်နှင့်အမျှ ထုတ်ကုန်များကို အရည်အသွေးမီ၊ အချိန်မီ ထုတ်လုပ်နိုင်မည်ဖြစ် ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးမှုများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရန်လို ကြောင်း၊ အလုပ်သမားရေးရာဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို ကောင်းစွာသိရှိ လိုက်နာ ဆောင်ရွက်ရန်လိုကြောင်း၊ ဌာနဆိုင်ရာများနှင့် လိုအပ်သလို ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ပြောကြား၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)