ရန်ကုန် ၂၂ ဇွန်
မြန်မာ့ဂုဏ်ရည်လမ်းနဲ့ အထက်ပန်းဆိုးတန်းလမ်းထောင့်ရှိ Gonyi Shophouse အဆောက်အအုံ ရတနာပိုင်တိုင်စိုက်ထူခြင်းကို ဇွန် ၂၂ ရက် နံနက် ၈ နာရီက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ယင်းအဆောက်အအုံကို ဒီဇိုင်းရေးဆွဲသော Designer ဒေါ်မိုးသဲဖြူ မှ အဆောက်အအုံဒီဇိုင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ် က အမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ ရန်ကုန်မြို့အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်ရာစီမံကိန်းများ တည်ဆောက်သည့်အထဲမှ ယခု တည်ဆောက်မည့် အဆောက်အဦသည် ရန်ကုန်မြို့၏ အရေးကြီးသော နေရာတစ်ခုတွင် ရှိပါကြောင်း၊ ရန်ကုန်မြို့၏ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်းစားသည့်နေရာတွင် အစိုးရ၏ ဘတ်ဂျက်တစ်ခုတည်းနှင့် တည်ဆောက်၍ မရနိုင်ပါကြောင်း၊ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်သူများ အားလုံးပူးပေါင်းပါဝင်နိုင်သော ပုံစံနှင့် ရန်ကုန်မြို့ကို တည်ဆောက် သွားရမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ တည်ဆောက်နိုင်ရန်အတွက် Gonyi shophouse အနေနှင့်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အတွက် တစ်ထောင့်တစ်နေရာမှ အထောက်အကူ ပြုလိမ့်မည်ဖြစ်ပါကြောင်း၊ ယခုနေရာတွင် လာရောက် ရင်းနှီးမြှုပ်နှံသူများနှင့် ရန်ကုန်မြို့၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်းဆုံး စီမံဆောင်ရွက်မှုတစ်ခုကို ယနေ့တွင် စတင်သွားမည်ဖြစ်ကြောင်း၊ ယင်းအဆောက်အဦတွင် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ကြမည့်သူများနှင့် ယင်းအဆောက်အဦကို ဝယ်ယူပြီး လာရောက် အလုပ်လုပ်ကိုင်မည့်သူများပါ မြန်မာနိုင်ငံ၏ ဦးဆောင် ဆောင်ရွက်မှု အခန်းကဏ္ဍများမှ နေ၍ ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုပါတယ် " ဟု ပြောကြားသည်။
ထို့နောက် Gonyi shophouse စီမံကိန်း နှင့် အကောင်အထည်ဖော်မှုဆိုင်ရာများအား စေပိုင် ဖွံ့ဖြိုးမှု လီမိတက် ဥက္ကဌ ဦးမောင်ဝိတ်မှ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်နှင့် မြို့တော်ဝန် ဦးမောင်မောင်စိုးတို့က စက်ခလုပ်နှိပ်၍ Gonyi Shophouse အဆောက်အအုံ ရတနာပိုင်တိုင်ကို စိုက်ထူပေးခဲ့ကြသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)
