နေပြည်တော် ၄ နိုဝင်ဘာ
ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်သော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက ဆောင်ရွက် မည့် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ ပဲခူး-ကျိုက်ထို လမ်းသစ်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အတွက် အိုဒီအေချေးငွေ ဂျပန်ယန်း ၂၇ ဒသမ ၇၇၉ ဘီလီယံနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်က ဆောင်ရွက်မည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (အဆင့်-၃) အတွက် အိုဒီအေချေးငွေ ဂျပန်ယန်း ၁၅ ဘီလီယံတို့အတွက် လဲလှယ်မှုစာချွန်လွှာများ (Exchange of Notes) နှင့် ချေးငွေစာချုပ်များ (Financing Agreements) ကို ယနေ့တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့မှ တာဝန်ရှိပုဂ္ဂိုလ်များက လက်မှတ်ရေးထိုးခဲ့ကြသည်။
လဲလှယ်မှုစာချွန်လွှာများကို မြန်မာနိုင်ငံအစိုးရကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဂျပန်နိုင်ငံအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမ တို့ကလည်းကောင်း၊ ချေးငွေစာချုပ်များကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကိုယ်စား ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးနှင့် ဂျပန်နိုင်ငံအစိုးရကိုယ်စား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ မြန်မာနိုင်ငံရုံးခွဲအကြီးအကဲ ဆာကခုရနိုရိဂျိတို့ကလည်းကောင်း လက်မှတ် ရေးထိုးကြသည်။
အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ ပဲခူး-ကျိုက်ထို လမ်းသစ်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေပြီး ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းစေသည့်အပြင် ပြည်တွင်းပြည်ပကုန်သွယ်မှု ပိုမိုတိုးတက်လာစေခြင်း၊ ရန်ကုန်-ပဲခူး-မြဝတီလမ်း၏ အတိုဆုံးလမ်းကြောင်းဖြစ်သဖြင့် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတွင် ဖြစ်ပေါ်နိုင်သော ယာဉ်ကြောပိတ်ဆို့မှုများနှင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးခြင်းတို့ကို ဖြေရှင်း ပေးနိုင်ခြင်း၊ အာဆီယံနိုင်ငံများဖြစ်သော မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများသို့ ဆက်သွယ် ထားသောလမ်းမကြီးဖြစ်ရာ အာဆီယံအသိုက်အဝန်းရှိ ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် မြန်မာနိုင်ငံ၏ ဒေသအနှံ့အပြားသို့ လမ်းပန်းဆက်သွယ်မှု တိုးမြှင့်ကောင်းမွန်စေခြင်း စသည့် အကျိုးကျေးဇူးများရရှိမည် ဖြစ်သည်။
ထို့ပြင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (အဆင့်-၃) အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသော COVID–19 ကူးစက်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော MSMEs လုပ်ငန်းများ ပြန်လည်အားကောင်းလာစေရန် အတိုးနှုန်းသက်သာသော ချေးငွေများဖြင့် ပံ့ပိုးကူညီပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


