မန္တလေး ၁၁  ဩဂုတ်

 

မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဂျပန်နိုင်ငံ Nagoyaမြို့ရှိ ESD21 မှ စီးပွားရေး လုပ်ငန်းရှင်များထံမှ စက်မှုနည်းပညာဆိုင်ရာအကြံဉာဏ်များရယူလိုပါက မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီမှ တစ်ဆင့် Video Conferencing ဖြင့် ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောသည်။

 

mdn

 

နည်းပညာဆိုင်ရာ အကြံဉာဏ်များ ရယူနိုင်ရန် မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ (MIMC)နှင့် ဂျပန်နိုင်ငံ Nagoya မြို့ရှိ  ESD21 တို့ ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း  Video Conferencing ဖြင့် ချိတ်ဆက် ဆွေးနွေးနိုင်ရန် ဆောင်ရွက်ခဲ့တာ တတိယအကြိမ်မြောက် ရှိသွားပါပြီ၊ နောက်ထပ်လည်း ဆက်လက်ဆောင်ရွက်အုံးမှာပါ၊ နည်းပညာအကြံဉာဏ်များရယူနိုင်ရန်  အဓိက ဆောင်ရွက်ပေးတာပါ၊ ဆွေးနွေးတာကတော့  စကားပြန်တွေ ကနေတစ်ဆင့် မြန်မာလိုပဲ ဆွေးနွေးတာပါ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့၊ ထုတ်ကုန် နည်းပညာတွေ ဖွံဖြိုးတိုးတက်ဖို့ နှင့်အခြားစီးပွားရေးဆိုင်ရာ ကိစ္စရပ်များ အကြံပြုဆွေးနွေး တာတွေပါဝင်ပါတယ်။  စီးပွားရေး လုပ်ငန်းရှင်တွေကလည်း မိမိတို့ အခက်အခဲများကို ကျော်လွှားနိုင်ရန် သိရှိလိုသည်များ မေးမြန်းနိုင်အောင် အကြံပြု ဆွေးနွေးနိုင်အောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ ဟု မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။

 

ခုသုံးကြိမ်အထိကတော့ မန္တလေးစက်မှုဇုန်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပဲဆွေးနွေးခဲ့တာပါ၊ မန္တလေးမြို့နဲ့ မြန်မာတစ်နိုင်ငံလုံးမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် Video Conferencing ချိတ်ဆက်ကာ ဆွေးနွေးချင်တာပဲ ဖြစ်ဖြစ်၊ အကြံဉာဏ် ရယူချင်တာပဲဖြစ်ဖြစ် ဆောင်ရွက်လိုပါက မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီသို့ လာရောက် ချိတ်ဆက်ဆောင်ရွက်နိုင်ပါတယ်၊ လုပ်ငန်းတူညီတဲ့ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက် ဆောင်ရွက်နိုင်အောင် ကူညီဆောင်ရွက်ပေးသွားမှာပါ၊ ဉပမာ ကိုယ့်လုပ်ငန်း က ချည်မျှင်စက်ရုံဆိုရင် ဂျပန်နိုင်ငံဘက်ကလည်း ချည်မျှင်စက်ရုံကလုပ်ငန်းရှင်နဲ့ ချိတ်ဆက်ပေးသွားမှာပါဟု ၎င်းက ဆက်လက် ပြောကြားသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)