ရန်ကုန်  ၇  ဇူလိုင် 

 

ဂျပန်နိုင်ငံ Niigata University နှင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၌ ကျင်းပသည်။

 

နားလည်မှုစာချွန်လွှာသစ် လက်မှတ်ရေးထိုးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ Niigata University မှ Dean of the medical school, Professor Toshiyuki Someya က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ထို့နောက် ဂျပန်နိုင်ငံ Niigata University နှင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတို့အကြား နားလည်မှုစာချွန်လွှာကို ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများ ရှေ့မှောက်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)ပါမောက္ခ ဒေါက်တာဌေးဌေးတင်နှင့် Professor Toshiyuki Someya တို့က လက်မှတ်ရေးထိုးသည်။

 

ဆက်လက်၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်နှင့် Niigata University မှ Professor Reiko Saito တို့ကကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။

 

ထို့ပြင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းက ဂရန်း (ဒ်) ဟန်သာအင်တာနေရှင်နယ်ဆေးရုံကြီး ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ကာ အမှာစကားပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ကျန်းမာရေးကဏ္ဍကြီး တစ်ခုလုံးပိုမိုတိုးတက် ဖွံ့ဖြိုးရေးအတွက် အစိုးရကဏ္ဍသာမကပုဂ္ဂလိကကျန်းမာရေးကဏ္ဍပါ တစ်စထက်တစ်စပိုမိုတိုး တက်ဖွံ့ဖြိုးရန်လိုအပ်ပါ ကြောင်း၊ပုဂ္ဂလိကကျန်းမာရေးကဏ္ဍမှ ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ရာတွင် အရည်အသွေးပြည့်မီရေး၊ ဘေးကင်းစိတ်ချနိုင်ရေး၊ စည်းမျဉ်းစည်းကမ်းများ၊ ဆေးပညာကျင့် ဝတ်များ၊ လူမှုကျင့်ဝတ်များ၊ စီးပွားရေးဆိုင်ရာကျင့်ဝတ်များနှင့် ညီညွတ်ရေးတို့ကိုအထူးအလေး ထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ဝန်ကြီးဌာနရှိပုဂ္ဂလိကကျန်းမာရေးဌာနခွဲအနေဖြင့်လည်းပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများစည်းမျဉ်းစည်းကမ်းများနှင့်အညီလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ပုဂ္ဂလိကကျန်း မာရေးဥပဒေနှင့်အညီ ကြီးကြပ်ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

စီမံခန့်ခွဲမှုအထောက်အကူပြုကျန်းမာရေးသတင်းစနစ် (DHIS -2)ကိုလည်းပုဂ္ဂလိကဆေးရုံ (၄၃) ရုံတွင် အသုံးပြုနိုင်စေရေး အဆိုပါဆေးရုံများမှဝန်ထမ်းများကို သင်ကြားပေးခဲ့ပါကြောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် အစိုးရဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်ကြီးများ ပူးပေါင်း၍ နှစ်ဖက်ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်းဆောင် ရွက်စေလိုပါကြောင်း။

 

ဆေးရုံများ၏ လုပ်ငန်းစွမ်းဆောင်ရည်များကိုChecklist များအသုံးပြုကာ စောင့်ကြည့်ခြင်း နှင့်လေ့လာသုံးသပ်ခြင်း (monitoring and evaluation) စနစ်ကိုတစ်ပါတည်း ထည့်သွင်း ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ တီဘီရောဂါထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တီဘီ လူနာများအားမဖြစ်မနေအကြောင်းကြားရန် (Mandatory TB case Notification) ကြေညာချက် သည် ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့၌ထွက်ရှိခဲ့ပြီးဖြစ်သဖြင့် ပုဂ္ဂလိကဆေးရုံဆေးခန်းများနှင့် အထွေထွေရောဂါကုဆရာဝန်များအားလုံးမှ သတင်းပေးပို့ခြင်းကို မဖြစ်မနေလုပ်ဆောင် သွားရမည်ဖြစ်ပါကြောင်း။

 

နိုင်ငံ၏ ကျန်းမာရေးကဏ္ဍကြီးရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရ-ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများသည် အရေးကြီးပါကြောင်း၊ထိုသို့ ကျန်းမာရေးကဏ္ဍတွင် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးတက်ကောင်းမွန်စေရေးဆိုင်ရာဆွေးနွေးအကြံပြုချက်များရယူနိုင်ရန်အတွက် အမျိုးသားဆင့် နှီးနှောဖလှယ်ပွဲကြီး တစ်ခုမကြာမီပြုလုပ်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။ 

 

အဆိုပါ ဆေးရုံဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးဝင်းထိန်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆေးကောင်စီမှ နာယက အဖွဲ့ဝင် ပါမောက္ခဒေါက်တာမောင်မောင်ဝင့်တို့က အမှာစကား ပြောကြားကြသည်။
အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများမှ တာဝန်ရှိသူများ၊ ဆေးပညာဘာသာရပ်အသီးသီးမှ ပါမောက္ခများ၊ အထူးကုဆရာ ဝန်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 

(သတင်းစဉ်)