ရန်ကုန်  ၁၅  ဩဂုတ် 

 

ဂျပန်နိုင်ငံအစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်သည်။

 

ယင်းလှူဒါန်းမှုကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံး၏ အစီအစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ တင်ဆောင်လာသော အထူးလေယာဉ်သည် ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ဆိုက်ရောက်လာရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

 

ထို့နောက် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Maruyama Ichiro က လွှဲပြောင်းပေးအပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ  နိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ခိုင်တို့က လက်ခံရယူသည်။

 

လှူဒါန်းမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက “ကိုဗစ်-၁၉ ရောဂါဟာ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဖြစ်ပွားနေတာပါ။ မြန်မာနိုင်ငံအနေနဲ့ အဲဒီရောဂါကို အောင်မြင်စွာ ထိန်းချုပ်နိုင်တာကိုတွေ့ရပါတယ်။ အဲဒီအပေါ်ကို ဂျပန်အစိုးရအနေနဲ့လည်း ချီးကျူးလေးစားနေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့သူတွေရှိတဲ့အတွက် ဆေးဝါးကဏ္ဍနဲ့ပတ်သက်ပြီး အခုလို ထောက်ပံ့ကူညီရခြင်းဖြစ်ပါတယ်။ ဒီနေ့ ရောက်ရှိလာတာကတော့ ဂျပန်နိုင်ငံကထုတ်လုပ်တဲ့ ဆေးဝါးနဲ့ အထောက်အကူပြုပစ္စည်းတွေပါ။ ဆက်လက်ပြီးတော့ အခုလို ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ရောက်ရှိလာဦးမှာဖြစ်ပါတယ်”ဟု ပြောသည်။

 

ယနေ့ လှူဒါန်းမှုမှာ ဂျပန်ယန်း ၉ ဒသမ ၃ မီလီယံ တန်ဖိုးရှိ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူ ပြုပစ္စည်းများဖြစ်ပြီး ဂျပန်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအစိုးရထံသို့ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုစီမံချက်အဖြစ် ဂျပန်ယန်း ၂ ဘီလီယံ တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် လိုအပ်သော ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ကူညီမှုအစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့်  ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်သည်။

 

ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက “ဒီနေ့ထောက်ပံ့တဲ့ ပစ္စည်းတွေထဲမှာ ICU မှာ သုံးတဲ့၊  အမျိုးအစားကောင်းတဲ့ ခုတင်တွေ၊ ချွဲစုပ်စက် စတဲ့ ပစ္စည်းတွေပါဝင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်နေပြီဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံတွေမှာ တွေ့ကြုံ နေကြရတဲ့ ဒုတိယလှိုင်းဆိုတာမျိုးကို ပြင်ဆင်တဲ့ အနေအထားပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းမှာ လိုအပ်နေတဲ့ပစ္စည်းတွေကို အခုလိုထောက်ပံ့ကူညီ တဲ့အတွက် ဂျပန်နိုင်ငံအစိုးရနဲ့ ပြည်သူတွေကို အထူးပဲကျေးဇူးတင်ပါတယ်” ဟု  ပြောကြားသည်။

 

အလားတူ ဂျပန်နိုင်ငံအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉   ကပ်ရောဂါ မဖြစ်ပွားမီအချိန်ကာလတွင် တုပ်ကွေးရောဂါ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တုပ်ကွေးရောဂါ ရှာဖွေရေး နှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် ကိုဗစ်-၁၉ ရောဂါပိုးရှာဖွေနိုင်ရေးအတွက် ဓာတ်ခွဲခန်းအဆင့်မြှင့်တင်ခြင်း၊ ဓာတ်ခွဲရှာဖွေမှုပြုလုပ်ရာတွင် အဓိကလိုအပ်သည့် ဆေးရည်များရရှိရေးနှင့် ကိုဗစ်-၁၉ ရောဂါ ရှာဖွေရေးလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း၊ ထို့အပြင် JICA အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ဆောင်ရွက်ရေးအတွက် ကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ခိုင်ထံမှ သိရသည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်