နေပြည်တော် ၃၀ မေ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး Mr. Ichiro Maruyama နှင့် Toyota Motor Asia Pacific Pte Ltd ၏ ဥက္ကဋ္ဌ Mr. Susumu Matsuda နှင့်အဖွဲ့အား ယနေ့တွင် ရန်ကုန်မြို့၌ လက်ခံတွေ့ ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် စက်ရုံတည်ထောင်ပြီး မော်တော်ကားထုတ်လုပ် ရောင်း ချခြင်းနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စု ဝန်ကြီးက တိုယိုတာကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုမှုအတွက် လှိုက်လှဲစွာ ကြိုဆိုပါကြောင်းနှင့် နည်းပညာမျှဝေပေးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကော်ပိုရိတ် လူမှုပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုလုပ်ငန်းများဆောင်ရွက်ပေးရေးတို့တွင် ပါဝင်ဆောင်ရွက်ပေးရန် ပြောကြားသည်။
တိုယိုတာမော်တာကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၆ သန်းဖြင့် သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် မော်တော်ယာဉ်များ စတင် ထုတ်လုပ်သွားမည် ဖြစ်သည်။
သတင်းစဉ်