တိုကျို မေ ၄
ဂျပန်နိုင်ငံ၌ နှစ်စဉ်ကောက်ယူလျက်ရှိသည့် စစ်တမ်းတစ်ခုအရ ကလေးငယ်များသည် အင်တာနက် ပိုမိုအသုံးပြုကာ ယခင်ကထက် အင်တာနက်တွင် ပိုမိုအချိန်ကုန်ဆုံးလာကြကြောင်းသိရသည်။
ကလေးသူငယ်နှင့် မိသားစုအေဂျင်စီက အသက်ကိုးနှစ်အထိ ကလေးငယ်များ၏ အင်တာနက် အသုံးပြုမှုနှင့်ပတ်သက်ပြီး စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ဘဏ္ဍာနှစ်တွင် အသက် ကိုးနှစ်အထိ ကလေးငယ်များ၏ မိဘ ၃၀၀၀ ခန့်ကို စစ်တမ်းကောက်ယူခဲ့ရာတွင် ၁၉၆၄ ဦး ပြန်လည် တုံ့ပြန်ဖြေကြားခဲ့ကြောင်း သိရသည်။
ကလေးငယ်များအနက် ၇၈ ဒသမ ၅ ရာခိုင်နှုန်း မှာ ဗီဒီယိုကြည့်ခြင်း၊ ဂိမ်းကစားခြင်းအပါအဝင် အင်တာနက်ကို အသုံးပြုကြသည်ဟုဆိုသည်။ ဂျပန်နိုင်ငံ၌ ကလေးငယ်များ အင်တာနက်အသုံးပြုမှု နှစ်စဉ် မြင့်တက်လျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်က မှတ်တမ်းတင်ထားသည့် ၅၆ ဒသမ ၉ ရာခိုင်နှုန်း ထက် ၂၀၂၄ ခုနှစ်တွင် ၂၁ ရာခိုင်နှုန်း ပိုများလာကြောင်း သိရသည်။
အသက်အရွယ်အလိုက် အင်တာနက်အသုံးပြုမှုနှုန်းကို လေ့လာကြည့်ရာတွင် အသက်တစ်နှစ်အောက် ကလေးငယ် ၆၉ ဦးမှာ ၁၀ ဒသမ ၁ ရာခိုင်နှုန်း အင်တာနက်အသုံးပြုကြောင်း တွေ့ရသည်။ ထို့အပြင် အသက်တစ်နှစ်အရွယ် ကလေးငယ် ၁၂၆ ဦးမှာ ၄၂ ဒသမ ၉ ရာခိုင်နှုန်း အင်တာနက်အသုံး ပြုကြောင်းနှင့် အသက်နှစ်နှစ်အရွယ် ကလေး ငယ် ၁၃၃ ဦးမှာ ၅၆ ဒသမ ၄ ရာခိုင်နှုန်း အင်တာနက်အသုံးပြုကြောင်း တွေ့ရှိရသည်ဟုဆိုသည်။
အင်တာနက်ကို ပိုမိုရင်းနှီးလာသည်နှင့်အမျှ ကလေးငယ်များသည် အင်တာနက်ကို အချိန်ကြာမြင့်စွာ အသုံးပြုလာသည်ဟု ဟိုဂိုတက္ကသိုလ် ပါမောက္ခ တာကေယုချီ ကာဇူအိုက မှတ်ချက်ပြုပြောသည်။ ထို့အပြင် စမတ်ဖုန်းနှင့် အခြားအင်တာနက် ကိရိယာများက ကလေးများကို ပြုစုပျိုးထောင်ရာတွင် အထောက်အကူဖြစ်နိုင်သော်လည်း အချိန်ကြာမြင့်စွာ အသုံးပြုမည်ဆိုပါက စည်းကမ်းမဲ့သည့် နေထိုင်မှုပုံစံများနှင့် စိတ်စွဲလမ်းမှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
အင်န်အိတ်ချ်ကေ