၂၇ ဩဂုတ်
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) ကူးစက်မှု တားဆီးကာကွယ်ရေး အစီအမံများကြောင့် မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်ထွက်ခွာနိုင်ခြင်းမရှိဘဲ၊ ဂျပန်နိုင်ငံတွင် အခက်အခဲများ ပိုမိုရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများလိုက်ပါလာသည့် ပဉ္စမအကြိမ်ကယ်ဆယ်ရေးလေယာဉ် (Relief Flight)၊ ပျံသန်းအမှတ်၊ NH 813 သည် ယနေ့ ၂၇-၈-၂၀၂၀ ရက်၊ မွန်းလွဲ ၁၂၂၀ နာရီတွင် တိုကျိုမြို့၊ နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချောမောစွာ ထွက်ခွာသွားခဲ့သည်။
အဆိုပါကယ်ဆယ်ရေးလေယာဉ်တွင် ဂျပန်နိုင်ငံသို့ ကာလတိုဗီဇာဖြင့် အလည်အပတ်လာရောက်ပြီး၊ မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်မထွက်ခွာနိုင်သူများ၊ အစိုးရနှင့် ပုဂ္ဂလိကပညာတော်သင်များ၊ အလုပ်အကိုင်အခက်အခဲရှိသူများ၊ ကျန်းမာရေးအရပြန်လိုသူများ၊ အလုပ်သင် သင်တန်းပြီးဆုံးသူများ၊ မှီခိုသူမိသားစုဝင်များ၊ ဂျပန်လူဝင်မှုကြီးကြပ်ရေးမှ မြန်မာနိုင်ငံသို့ အပြီးပြန်လည်ထွက်ခွာရန် အကြောင်းကြားထားသူများ၊ Certificate of Identity ဖြင့် ပြန်လည်ထွက်ခွာသူများနှင့် ဂျပန်နိုင်ငံ ဆိပ်ကမ်းများတွင် စောင့်ဆိုင်းနေသည့် မြန်မာသင်္ဘောသားများ စုစုပေါင်း (၁၅၅) ဦး လိုက်ပါသွားခဲ့ကြသည်။
ထို့အပြင်၊ ဂျပန်နိုင်ငံအစိုးရ၏ ODA/JICA အကူအညီဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့်(၁)နှင့် အဆင့်(၂)၊ ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၊ အရှေ့-အနောက် စီးပွားရေးစင်္ကြံ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ဆက်သွယ်ရေးကွန်ယက် အဆင့်မြှင့်တင်ရေးစီမံကိန်း၊ သီလဝါအထူးစီးပွားရေးဇုံ စီမံကိန်းတို့တွင် တာဝန်ထမ်းဆောင်ကြမည့် ဂျပန်ပညာရှင်/ ကျွမ်းကျင်သူများနှင့် ရန်ကုန်မြို့၊ ဂျပန်သံရုံးမှ ဝန်ထမ်းများ စုစုပေါင်း (၂၈) ဦးတို့လည်း လိုက်ပါသွားကြသည်။
ပဉ္စမအကြိမ် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသားများနှင့် မိသားစုများ အဆင်ပြေစွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ All Nippon Airways ရုံးချုပ်မှ Senior Vice President Mr. ISHIDA Yohei နှင့် လေဆိပ်ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများမှ လိုအပ်သည့် ပံ့ပိုးကူညီမှုများ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Crd#နိုင်ငံခြားရေးဝန်ကြီးဌာန


