ရန်ကုန်၊ ဒီဇင်ဘာ ၂၁

 

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် တစ်လပျမ်းမျှဝင်ငွေ ယန်း၂၀၀,၀၀၀ ရှိသူက လစဉ်ဝင်ငွေခွန် ယန်း၂၀၀၀ နှင့် ယန် ၂၀၀,၀၀၀ အောက်လျော့နည်းသူက လစဉ်ဝင်ငွေခွန် ယန်း ၁၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားသည်။

 

ပြည်ပတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ၏ ပြည်ပတွင် နိုင်ငံခြားဝင်ငွေဖြင့် စုစုပေါင်း လစာဝင်ငွေအပေါ် အောက်တိုဘာ ၁ ရက်က စတင်ကာ ဝင်ငွေခွန်ထမ်းရမည်ဖြစ်ကြောင်းနှင့် ဝင်ငွေခွန်ထမ်း ဆောင်ရာတွင် လိုက်နာရမည့်နည်းလမ်းများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် ၇၉/၂၀၂၃ ဖြင့် နိုဝင်ဘာလ ၂၂ရက်ကထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

 

ထို့ကြောင့် ဂျပန်နိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေခွန်ပေး ဆောင်ကြရမည်ဖြစ်ပြီး ဂျပန်တွင် ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအတွက် တစ်လပျမ်းမျှဝင်ငွေအားယန်း ၂၀၀,၀၀၀ နှုန်းသတ်မှတ်ပြီးဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ ယန်း ၄၀၀၀ သတ်မှတ်ထားကာ အဆိုပါယန်း ၄၀၀၀ အနက် သက်သာခွင့်အဖြစ်ယန်း ၂၀၀၀ သတ်မှတ်ပေးသွားမည်ဖြစ်၍  လစဉ်ဝင်ငွေခွန်အဖြစ် ယန်း ၂၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အတူ သတ်မှတ်ထားသည့် တစ်လပျမ်းမျှဝင်ငွေ ယန်း ၂၀၀,၀၀၀ အောက် လျော့နည်းရရှိသူများအနေဖြင့်လည်း အထောက်အထားများဖြင့် တင်ပြလာပါက ၎င်းတို့အတွက် တစ်လပျမ်းမျှဝင်ငွေအား ယန်း ၁၅၀,၀၀၀ နှုန်းသတ်မှတ်၍ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ ယန်း ၃၀၀၀ သတ်မှတ်သွားမည်ဖြစ်ကာ အဆိုပါယန်း ၃၀၀၀ အနက် သက်သာခွင့်အဖြစ် ယန်း ၂၀၀၀ သတ်မှတ်ပေးသွားမည်ဖြစ်ရာ လစဉ်ဝင်ငွေခွန် ယန်း ၁၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာသံရုံးအနေဖြင့် ဝင်ငွေခွန်ပေးဆောင်မှုဆိုင်ရာ ပြေစာအထောက်အထားများ ထုတ်ပေးမည်ဖြစ်ပြီး  အခွန်ထမ်း နိုင်ငံသားမှ သတ်မှတ်ကာလတစ်ခုအတွင်း သံရုံးတွင်ပေးဆောင်ခဲ့သည့် ဝင်ငွေခွန် ပေးဆောင်မှု ဆိုင်ရာအထောက်အထားလက်မှတ် ထုတ်ပေးရန် လျောက်ထားလာပါက ၎င်းတို့အနေဖြင့် သံရုံးတွင်အမှန်တကယ်ပေးဆောင်ခဲ့သည့် ဝင်ငွေခွန်ပမာဏနှင့် ပျမ်းမျှဝင်ငွေပမာဏတို့ဖြင့် ထောက်ခံစာ ထုတ်ပေးသွားမည်ဟုလည်းသိရသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းလည်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ကိုးရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံရုံး၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အပါအဝင် မြန်မာသံရုံ အသီးသီးကလည်း အခွန်ပေးဆောင်မည့် ကိစ္စနှင့်ပတ်သက်၍ နိုင်ငံအလိုက် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။

 

MT