မုဒုံ ၂၃ ဇူလိုင်
မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ဇူလိုင်လ ၂၂ ရက်နေ့၊ နံနက် (၁၀)နာရီတွင် မြို့မ(၃)ရပ်ကွက် ဂရမ်မြေချထားရေးနှင့် ပတ်သက်၍ တွေ့ဆုံပွဲ ပြုလုပ်သည်။
တွေ့ဆုံပွဲသို့ မုဒုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်လှိုင်နှင့် မြို့မ(၃)ရပ်ကွက်မှ မြို့မိ/မြို့ဖများ၊ စုစုပေါင်း (၂၃)ဦးခန့် တက်ရောက်ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်လှိုင်က မြို့မ(၃)ရပ်ကွက် ဂရမ်မြေပြုလုပ်ရန်အတွက် မြေကွက် (၈၀ဝ၀) ကျော်ကို စိစစ်တိုင်းတာထားရှိပြီးဖြစ်ကြောင်း၊ ဂရမ်းလျှောက်ရာတွင်ပုံစံ(၁၀၃)၊(၁၀၅)၊ (၁၀၆) များအကြောင်းနှင့် မြို့နယ်/ ခရိုင်/ ပြည်နယ် အဆင့်တို့ကို စာရွက်စာတမ်းများအား အဆင့်ဆင့် တင်ပြရကြောင်း၊ ဂရမ်ရရှိရေးအတွက် ခန့်မှန်းကာလမှာ (၄)လခန့်ကြာမြင့်မည်ဖြစ်ကြောင်း၊ မြေပုံဆွဲခမှာ စနစ်သစ်နှုန်းထားအရ (၈၅၀ဝ) မှ (၄၀ဝ၀ဝ) အထိ ဧရိယာတွက်ချက်ပြီး တရားဝင်ပေးသွင်းရမည်ဖြစ်ကြောင်း၊ လုပ်ငန်းအဆင့်ဆင့်အမှားအယွင်းမရှိအောင် ဆောင်ရွက်ရမည်ဖြစ်သဖြင့် (၇)ရက်လျှင် ဂရမ်မြေ(၁၀)ကွက်ခန့်သာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။
မုဒုံ(ပြန်/ဆက်)


