နေပြည်တော် ၂၃ စက်တင်ဘာ
ဂျုံနှင့် ကုလားပဲသီးနှံ သုတေသနလုပ်ငန်း နှစ်ပတ်လည် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက Virtual meeting စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက သုတေသနတွေ့ရှိချက်များကတစ်ဆင့် အသုံးချနည်းပညာအဖြစ် ဆောင်ရွက်ရာတွင် တောင်သူများ၏ လက်တွေ့မြေပြင် အခက်အခဲများနှင့် ကွာဟချက် ကျဉ်းနိုင်သမျှ ကျဉ်းအောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အရည်အသွေးကောင်း ဂျုံနှင့် ကုလားပဲ မျိုးများ ဖူလုံစွာသုံးစွဲနိုင်ရေး၊ သက်ရောက်လာလျက်ရှိသည့် ရာသီဥတုနှင့် လိုက်လျောညီ ထွေမှုရှိသော မျိုးသန့်များ ထုတ်လုပ်နိုင်ရေးအတွက် မိမိတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းကြရန်နှင့် တောင်သူများ၏ လိုအပ်ချက်၊ စျေးကွက်လိုအပ်ချက်၊ ကြုံတွေ့နိုင်သည့် ပြဿနာ အခက်အခဲများကို မျက်ခြေမပြတ် စောင့်ကြည့် ဖြည့်ဆည်းပေးကြစေလိုကြောင်း၊ ဂျုံနှင့် ကုလားပဲသီးနှံများအပြင် သီးနှံအမယ်သစ်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် မျိုးသစ်များသုတေသနပြုထုတ်လုပ်ခြင်း၊ သီးနှံပုံစံသစ်များ စမ်းသပ်သုတေသနပြုလုပ်ခြင်း လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦးက မြန်မာနိုင်ငံတွင် ဂျုံသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးတွင် အများဆုံးစိုက်ပျိုးကြောင်း၊ ပြောင်းလဲလာသော ရာသီဥတု အခြေအနေများကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဂျုံနှင့် ကုလားပဲစိုက်ပျိုးနိုင်သည့် ဧရိယာလျှော့နည်းလာသော်လည်း တစ်ဖက်တွင် ရှမ်းပြည်နယ်အနေဖြင့် ဂျုံစိုက်ပျိုးနိုင်သည့် အလားအလာများရှိပါကြောင်း၊ စိုက်ပျိုးရေးသုတေသန ပညာရှင်များအနေဖြင့် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသည့် ဂျုံနှင့် ပဲမျိုးစုံသီးနှံ မျိုးကောင်း၊ မျိုးသန့်များအား သုတေသန ပြုရှာဖွေဖော်ထုတ်လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် ဂျုံနှင့် ကုလားပဲသီးနှံ နှစ်ပတ်လည်အစည်းအဝေးကို တက်ရောက်နေကြသည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်တို့မှ သက်ဆိုင်ရာ တိုင်းဦးစီးမှူးများ၊ မြို့နယ် ဦးစီးမှူးများနှင့် သုတေသနခြံ တာဝန်ခံများကလည်း ဒေသအလိုက် တောင်သူများ၏ လိုအပ်ချက်နှင့် အခက်အခဲများအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းပေးပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပြောင်းနှင့် အခြားနှံစားသီးနှံ သုတေသနဌာနစု တာဝန်ခံ သုတေသနမှူး ဒေါက်တာအောင်မိုးမျိုးတင့်က ဂျုံသီးနှံသုတေသန စီမံချက်များ ဆောင်ရွက်မည့် အစီအစဉ်များအားလည်းကောင်း၊ ပဲမျိုးစုံသီးနှံ သုတေသနဌာနစုမှ သုတေသနအရာရှိ ဒေါက်တာ မာမာဝင်းက ကုလားပဲသီးနှံ သုတေသနစီမံချက်များ ဆောင်ရွက်မည့် အစီအစဉ်များအား လည်းကောင်း တင်ပြဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်နှင့် တိုင်း ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများက ဂျုံသီးနှံနှင့် ကုလားပဲသီးနှံ သုတေသနများ၊ သရုပ်ပြကွက်များ ဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
ပြည်တွင်းစားသုံးမှုလိုအပ်ချက်အရ ဂျုံသီးနှံကို နှစ်စဉ် ပြည်ပမှ တင်သွင်းရလျက်ရှိရာ နိုင်ငံခြားအသုံးစရိတ် လျော့ချနိုင်ရေးနှင့် ပြည်တွင်းထုတ်လုပ်မှု တိုးမြှင့်နိုင်ရေးအတွက် အရည်အသွေးကောင်း ဂျုံမျိုးများ တိုးချဲ့စိုက်ပျိုးရေး၊ ရေငတ်ဒဏ်ခံနိုင်သော အပူဒဏ်ခံနိုင်သော အရည်အသွေးကောင်းသော မျိုးစေ့များ သုံးစွဲနိုင်ရေး၊ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်သည့် ဝန်းကျင်ကောင်းအဖြစ် ဖန်တီးဖော်ဆောင်ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ယနေ့အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ညီညီသန်း (နေပြည်တော်)