မန္တလေး  ၂၂  သြဂုတ်


တရုတ်နိုင်ငံသို့ အဓိက ကုန်စည်စီးဆင်းရာ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းတံတားအား သြဂုတ် ၂၀ ရက်တွင် ပြန်လည်ဖွင့်လှစ်၍ ကားများဖြတ်သန်းခွင့်ပြုလိုက်သဖြင့် ငါးရက်ကြာ အေးစက်ငြိမ်သက်နေသည့် မန္တလေးကုန်စည်ဒိုင်မှာ ပြန်လည်အသက်ဝင်လှုပ်ရှားကာ အရောင်းအဝယ်များဖြင့် စည်ကားလျက်ရှိကြောင်း မန္တလေးပဲဈေးကွက်မှ သိရသည်။


အဆိုပါ ဂုတ်တွင်းတံတားမှာ သြဂုတ် ၁၅ ရက်က မိုင်းခွဲဖျက်ဆီးခြင်း ခံခဲ့ရသည့်အတွက် လမ်းပန်းဆက်သွယ်ရေး ခေတ္တပြတ်တောက်ခဲ့ပြီး ဘေလီတံတားဖြင့် အစားထိုးကာ ငါးရက်အတွင်း အပြီးတည်ဆောက်၍ သြဂုတ် ၂၀ ရက် မွန်းလွဲပိုင်းတွင် ကားများ စတင်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။


''ဂုတ်တွင်းတံတားပေါ်က ကားတွေ ဖြတ်သန်းခွင့်ပြုလိုက်တဲ့အတွက် ငါးရက်လောက် အရောင်းအဝယ်တွေ ထိုင်းမှိုင်းသွားတဲ့ မန္တလေး ကုန်စည်ဒိုင်က သြဂုတ် ၂၀ ရက်ကစပြီး သက်ဝင်လှုပ်ရှားလာလိုက်တာ ဒီနေ့မှာတော့ ရောင်းသူဝယ်သူ အစုံအလင်နဲ့ ပြန်လည်စည်ကားနေပါပြီ။ နယ်ကကုန်ကားတွေလည်း ပုံမှန်ပဲ ဝင်ရောက်နေပါတယ်။ ဈေးနှုန်းတွေကတော့ အတက်အကျ မရှိပေမယ့် တရုတ်နိုင်ငံကို အဓိကတင်ပို့နေတဲ့ ပဲအမျိုးအစားတွေကတော့ အရောင်းအဝယ် ပိုဖြစ်နေကြတယ်။ ဒီလို လမ်းခရီးအခက်အခဲတွေကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်သွားတဲ့အခါ ကုန်သည်တွေနဲ့ တောင်သူတွေမှာ မသိသာပေမယ့် ကုန်တင်ကုန်ချ အလုပ်သမားတွေအတွက်တော့ စားဝတ်နေရေးက သိသိသာသာကို ခက်ခဲသွားနိုင်တာပေါ့'' ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။


လက်ရှိ မန္တလေးပဲဈေးကွက်တွင် တရုတ်နိုင်ငံသို့ အဓိကတင်ပို့သည့် ပဲအမျိုးအစားများမှာ သြဂုတ် ၂၂ ရက် ပေါက်ဈေးအရ ပဲတီစိမ်း သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၀ဝ၀ဝ၀၊ ပဲကြီးမှာ ငွေကျပ် ၁၀၅၀ဝ၀၊ ပဲယင်းမှာ ငွေကျပ် ၇၈၀ဝ၀၊ ထောပတ်ပဲမှာ ငွေကျပ် ၁၀၂၀ဝ၀၊ ပဲဇီးကွက်မှာ ငွေကျပ် ၅၇၀ဝ၀၊ နှမ်းနက်မှာ ငွေကျပ် ၂၆၀ဝ၀ဝ၊ ဂျပန်နှမ်းဖြူမှာ ငွေကျပ် ၁၆၅၀ဝ၀ နှင့် မြေပဲလုံးဆံမှာ တစ်ပိဿာလျှင် ၄၁၀ဝ ကျပ်ဖြင့် အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရသည်။


မင်းထက်အောင်(မန်းကိုယ်ပွား)