ဂုတ်တွင်းတံတားကြံ့ခိုင်ရေးအတွက် သတ်မှတ်ကုန်ချိန်သယ်ဆောင်ရန် မေတ္တာရပ်ခံ

သီပေါ ၂၄ ဩဂုတ် 


မြန်မာနိုင်ငံ၏ အဓိက နယ်စပ်ကုန်သွယ်ရေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၈၃/၇ နှင့် ၈၄)ကြား၊ ကျောက်မဲ နှင့် နောင်ချိုမြို့ကြား ဂုတ်တွင်းချောင်း ကျော်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးချုပ်နှင့် တံတားဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် တံတားအထူးအဖွဲ့တို့က အလျားပေ ၂၁၀ ရှိ နှစ်လမ်းသွား ဘေလီတံတားကို ငါးရက်အပြီး တည်ဆောက်ကာ မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင် ခွင့်ပြုခဲ့သည်။


ထိုသို့ ဖြတ်သန်းသွားလာရာတွင် တံတားကြီးကြံ့ခိုင်ရေးအတွက် သတ်မှတ် ကုန်ချိန်ယာဉ်အပါအဝင် ၃၆ တန် သယ် ဆောင်ပြီး စနစ်တကျဖြတ်သန်းကြပါရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဩဂုတ် ၂၂ ရက်တွင် မေတ္တာရပ်ခံ အသိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။


၂၂ ဘီးတွဲယာဉ်အပါအဝင် အခြား သော ကုန်တင်ယာဉ်များကိုလည်း ၃၆ တန်အတွင်း တင်ဆောင်လာပါက တံတား ပေါ်မှ ဖြတ်သန်းခွင့်ပြုလျက်ရှိပြီး ၃၆ တန် ကျော်သည့် ကုန်တင်ယာဉ်ကြီးများ အနေဖြင့်လည်း သတ်မှတ်ကုန်အလေး ချိန်အတွင်း စနစ်တကျ ကုန်များကဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာကာ ဖြတ်သန်းလျက်ရှိသည်ကို တွေ့ရသည်။


ကုန်တင်ယာဉ်ကြီးများ ယာဉ်အပါအဝင် ကုန်နှင့် ၄၈ တန်ကို တံတား ပေါ်မှ ဖြတ်သန်းခွင့်ပြုနိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအင်ဂျင်နီယာများက ပညာရပ်ပိုင်းများ တွက်ချက်၍ ဘေလီတံတားသံပေါင် ဒေါက်တန်းများ အားဖြည့်ဆောင်ရွက်ခြင်း၊ တံတား အောက်ခြေအုတ်မြစ်လုပ်ငန်းများ ခိုင်မာ တောင့်တင်းရန် ဆောင်ရွက်ခြင်းများကို တစ်လအတွင်း ပြီးစီးအောင် ဆောင်ရွက် သွားမည်ဖြစ်ပြီး ၄၈ တန် မော်တော်ယာဉ် များ ဖြတ်သန်းသွားလာနိုင်မည့်ခွင့်ပြု ရက်ကို ကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။


စိုင်း(သီပေါ)