ဟားခါး ၂၀ သြဂုတ်
ချင်းပြည်နယ်ဟားခါးမြို့ အိပ်မက်တော်ရ သစ္စာအောင်မြေကုန်းတော် ဇေတဝန်ကျောင်းတိုက်အတွင်း ငါးဆူမြောက် ကျီးမနိုးစေတီတော်အား ချင်းတောင်တန်းသာသနာပြုဆရာတော် ဒေါက်တာ ဘဒ္ဒန္တတေဇောသာရ ၏ ၅၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဆရာတော်အားအမှူးထား၍ Myanmar Idol Season-3 Winner ဆုရှင် အဆိုတော် ဖြိုးမြတ်အောင်နှင့် အလှူရှင်မိသားစုများ တည်ထားလှူဒါန်းသွားမည်ဖြစ်ပြီး သြဂုတ် ၂၀ ရက်နေ့ နံနက် ၇ နာရီမှစတင်၍ ပလ္လင်တော်နှင့် အုတ်မြစ်တည်ခြင်း လုပ်ငန်းများကို တောင်ညိုလေးဆရာတော် ဦးဆောင်၍ စတင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အိပ်မက်တော်ရ သစ္စာအောင်မြေကုန်းတော် ဇေတဝန်ကျောင်းတိုက်အတွင်း ငါးဆူမြောက် ကျီးမနိုးစေတီတော် တည်ထားရခြင်းနှင့်ပတ်သက်၍ ချင်းတောင်တန်းသာသနာပြုဆရာတော် ဒေါက်တာ ဘဒ္ဒန္တတေဇောသာရက ချင်းတောင်တန်းတွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နှစ်ပေါင်း ၃၀ ရှိပြီဖြစ်ကြောင်း၊ အဆိုတော်ဖြိုးမြတ်အောင်နှင့် ဆရာဒကာလက်တွဲပြီး ဆရာတော်ဘုရား၏ ၅၈ နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်အဖြစ် ယနေ့တွင် ကုသိုလ်ဖြစ် တည်ထားကိုးကွယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မိန့်ကြားခဲ့သည်။
ကျီးမနိုးစေတီတော် တည်ဖြစ်ရခြင်းနှင့်ပတ်သက်ပြီး ချင်းတောင်တန်းဆရာတော် မွေးနေ့တွင် တောင်ညိုလေးဆရာတော်နှင့် (၇)ရက်သားသမီးများ ကောင်းမှုဖြင့် တည်ထားရခြင်းဖြစ်ကြောင်း၊ သြဂုတ် လ ၁၉ ရက်နေ့ညနေ ၆ နာရီတွင် ပန္နက်တင်ပြီး သြဂုတ် ၂၀ ရက် နံနက် ၇ နာရီတွင် အုတ်မြစ်တည်ခြင်းများ ဆောင်ရွက်နေပြီး သြဂုတ် ၂၁ ရက် နံနက် ၄ နာရီ ကျီးမနိုးခင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း Myanmar Idool Winner ဆုရှင် အဆိုတော် ဖြိုးမြတ်အောင်က ပြောကြားခဲ့ပါသည်။
ချင်းပြည်နယ် ဟားခါးမြို့ အိပ်မက်တော်ရသစ္စာအောင်မြေကုန်းတော် ဇေတဝန်ကျောင်းတိုက်အတွင်း ငါးဆူမြောက် ကိုးတောင်ပြည့် ကျီးမနိုးစေတီတော် တည်ဆောက်ခြင်းတွင် စစ်ဗျူဟာအခြေချ (ဟားခါး) မှ အရာရှိစစ်သည် မိသားစုများနှင့် ဒေသခံဗုဒ္ဓဘာသာဝင်များက လုပ်အားဒါန ကုသိုလ်ပါဝင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)