ဟားခါး  မေ  ၁၄

 

ချင်းပြည်နယ်ဟားခါးမြို့ရှိ ဇေတဝန်တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၌ ယနေ့ မွန်းလွဲ ၁ နာရီက ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ စုပေါင်းညောင်ရေသွန်းလောင်းပွဲတော်ကျင်းပရာ ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ကြွရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့က သြကာသကန်တော့ချိုးဖြင့် ဘုရားကန်တော့ကြကာ သံဃာတော် အရှင်သူမြတ် များနှင့် ဧည့်ပရိသတ်အပေါင်းတို့မှ စုပေါင်း၍ ဂုဏ်တော်ကွန်ချာဂါထာ ရွတ်ဖတ်ပူဇော်ကြသည်။

 

ယင်းနောက် ဟားခါးမြို့၊ ဇေတဝန်တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၏ ဦးစီးပဓာနနာယက၊ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တတေဇောသာရ ( ဓမ္မကထိကဗဟုဇနဟိတဓရ ၊ ဂန္ထဝါစကပဏ္ဍိတ ) အရှင်မြတ်က ရေစက်ချတရားဟောကြားပြီး အမျှပေးကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းသည်။

 

ထို့နောက် ဇေတဝန်တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၏ ဦးစီးပဓာနနာယက ဆရာတော်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)