ဟားခါ ၂၇ မေ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဟားခါးမြို့အမျိုးသမီးအိမ်တွင်းမှု သက်မွေးမှုလုပ်ငန်းပညာသင်ကျောင်း၏ အခြေခံအိမ်တွင်းမှုသင်တန်း အမှတ်စဉ်(၆၈)၊ အဆင့်မြင့်စက်ချုပ် သင်တန်း အမှတ်စဉ်(၅၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ချင်းပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အမှာစကား ပြောကြားရာ နယ်စပ်ဒေသရှိ တိုင်းရင်းသူအမျိုးသမီးငယ်များ မှန်ကန်သောအတွေးအခေါ်၊ အသိအမြင်များ ရရှိလာစေရေး၊ ယဉ်ကျေးလိမ္မာ၍ အဆင့်အတန်းမြင့်မားသော လူမျိုးအဖြစ် ဂုဏ်ယူစွာ ရပ်တည်နိုင်ရေး၊ ကိုယ်ပိုင်ဝင်ငွေ ရရှိပြီး မိမိဘဝ၊ မိမိစွမ်းအားဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရေးတို့အတွက် ရည်ရွယ်ချက်များ ချမှတ်ကာ သင်တန်းများစဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသူလေးများသည် ပညာရှာမှီးရင်း တိုင်းရင်းသူအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသည့် တိုင်းရင်းသူလေးများ ဖြစ်လာစေရန်၊နယ်စပ်ဒေသနှင့် ဆင်းရဲနွမ်းပါးသော ဒေသများရှိ အမျိုးသမီးငယ်များကို အိမ်တွင်းမှု အသက်မွေးပညာရပ်များ သင်ကြားပေးရန်နှင့် သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန် စသည့်ရည်ရွယ်ချက်များ ချမှတ်ကာ သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပြီး သင်ကြားပို့ချပေးသည့် ပညာရပ်များကို ထူးချွန်တတ်မြောက်အောင် ကြိုးစားသင်ယူသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းသို့ ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ အခြေခံအိမ်တွင်းမှုသင်တန်းမှ သင်တန်းသူ(၆၀)ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်းမှ သင်တန်းသူ (၄)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၁၄)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရှိရသည်။
MDN