ဟိုပင် ၉ ဇွန်
သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တိုင်းရင်းဆေး အသိပညာပေး ဟောပြောခြင်းကို ဇွန် ၈ ရက် နံနက်ပိုင်းက ကချင်ပြည်နယ် ဟိုပင်မြို့နယ် ဇီးကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တိုးတိုးမေက မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုခြင်း၊ လျှပ်စစ်အန္တရာယ်၊ မုန်တိုင်းအန္တရာယ်နှင့် မိုးကြိုးအန္တရာယ်စသည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်ခင်ဝမ်းရီက ကြပ်ထုပ်ထိုးကုသခြင်း၊ သတိပြုရမည့် အချက်များ၊ ကြပ်ထုပ် မထိုးသင့်သော အခြေအနေများနှင့် ကြပ်ထုပ်အကြောင်း သိကောင်းစရာများကို အသိပညာပေး ပြောကြားခဲ့သည်။
ဟောပြောပွဲတွင် တက်ရောက်လာသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သဘာဝဘေးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲတို့ကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းရင်းဆေးမှ ကျေးရွာပြည်သူများကို အခမဲ့ကွင်းဆင်းကုသ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲကို ကချင်ပြည်နယ်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
တိုးတိုးမေ-ဟိုပင်