ဟိုပန်   ၇  စက်တင်ဘာ                       

 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်၊ မြို့ပန်မြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအုန်းဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် (NGO) စေတနာ့ဝန်ထမ်းများက ပုံမှန်ထက်ပိုဖြစ်သည့် မပြင်းထန်သော (PV) ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရန် ကျေးရွာများတွင် ရွာလုံးကျွတ် သွေးဖောက်စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ရုံးကုန်းရပ်ကွက်၊ အခြေခံမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

 

ဟိုပန်မြို့၌ ယခင်နှစ်များထက် ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားလာသောကြောင့် ကွင်းဆင်းဆောင်ရွက် ရခြင်းဖြစ်ပြီး ပထမအကြိမ်ကို ဇူလိုင်လတွင် ဆောင်ရွက်ခဲ့ကာ ရွာလုံးကျွတ်သွေးဖောက်စစ်ဆေး၍ ရောဂါပိုးတွေ့ရှိလျှင် သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနမှ ဆေးများအခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်နယ် ငှက်ဖျားတိုက်ဖျက်ရေးဌာနမှ ထောက်ပံ့သော ဆေးရည်စိမ်ခြင်ထောင် အလုံး(၁)ထောင်ကျော်ကို အိမ်ထောင်စုတစ်စုရှိ လူနှစ်ဦးလျှင် (၁)လုံးနှုန်းဖြင့် ဖြန့်ဝေပေးခဲ့ပြီး ဟိုပန်မြို့ရှိ ကျေးရွာ(၁၃)ရွာကို အချိန်(၁)လအကြာ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ခရိုင်(ပြန်/ဆက်)