ဟိုပန် ဇူလိုင် ၂၇

 

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်းရှိ အ​ခြေခံပညာကျောင်းများတွင် သင်ကြားမှု၊ သင်ယူမှု ပိုမိုမြန်ဆန်ထိရောက်စေရန်အတွက် ​ကျောင်းအုပ်စုအဆင့် ဘာသာရပ်အလိုက် သင်ထောက်ကူ ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီက အထက(ဟိုပန်)ကျောင်း၊ စောမဟာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ဆွေးနွေးပွဲ တွင် ဟိုပန်ကျောင်းအုပ်စုမှ အခြေခံပညာ အလယ်တန်းအဆင့် ဆရာ/ဆရာမ(၉) ဦးနှင့် မူလတန်း အဆင့် ဆရာ/ဆရာမ(၁၃) တို့က ဦးဆောင်၍ သင်ကြားမှုဘာသာရပ်များဖြစ်သည့် မြန်မာ၊ အင်္ဂလိပ် ၊ သင်္ချာ၊ သိပ္ပံ ၊ လူမှုရေးနှင့် ပထဝီဝင် စသည့် ဘာသာရပ်များအလိုက် တစ်ကျောင်းနှင့်တစ်ကျောင်း၏ လက်တွေ့ သင်ကြားနေမှု၊ သင်ယူနေမှုနှင့် အသုံးပြုနည်းများကို အသေးစိတ် ဖလှယ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

ဟိုပန်မြို့နယ်၌ ဟိုပန်ကျောင်းအုပ်စု၊ ပန်ကောက်ကျောင်းအုပ်စုနှင့် ပန်လုံကျောင်းအုပ်စု ဟူ၍ ကျောင်းအုပ်စု သုံးစုရှိပြီး ယနေ့ဆွေးနွေးပွဲတွင် ဟိုပန်ကျောင်းအုပ်စုမှ အခြေခံ ပညာအလယ်တန်းကျောင်း(၉)ကျောင်း၊ မူလတန်းကျောင်း(၁၂)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ကျောင်း စုစုပေါင်း(၂၂)ကျောင်းမှ ဆရာ/ဆရာမ(၇၃)ဦး တက်ရောက် ဆွေးနွေးခဲ့ကြောင်း ဟိုပန်မြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)