ဟိုပုံး ၂၅ ဩဂုတ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာအုပ်စု၊ ပါပန့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးအောင်လွင်မှ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်ပါရှိနိုင်ရေး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး အပြင် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိစေရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနဲ့အညီ ကျေးရွာအရောက် ပြုလုပ်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးအောင်လွင်၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးနန်းတင့်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်သွင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုံခုတ်ကျေးရွာအုပ်စု၊ ကျေးရွာ(၇)ရွာမှ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသော ပြည်သူ(၄၂)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြ သည်။
ထို့နောက် ကျန်ရှိနေသေးသည့် ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ပါရှိနိုင်ရန် ကွင်းဆင်းစိစစ်မှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)


