ဟိုပုံး ၁၈ ဇူလိုင်
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ကြီးမှူး၍ ဟိုပုံးမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများမှ ဒေသခံတောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟိုပုံးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က “ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားသည် မင်္ဂလာရှိသော အခမ်းအနားတစ်ခု ဖြစ်ပါတယ်။ ဒေသခံတောင်သူများ လုပ်ကိုင်စားသောက်နေတဲ့ လယ်မြေယာမြေများကို ပိုင်ဆိုင်မှုအတွက် အထောက်အထားတစ်ခုဖြစ်တဲ့ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ(၇)ကို တောင်သူများလက်ဝယ်သို့ လွဲပြောင်းပေးအပ်တဲ့နေ့လည်း ဖြစ်ပါတယ်။ အခု လွဲပြောင်းပေးအပ်တဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇)များက မြန်မာ့လယ်ယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်စေတဲ့ ချေးငွေများကို ပုံစံ(၇)မူရင်းပေးအပ်ပြီး ချေးယူနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ စိုက်ပျိုးရေးအတွက် လယ်ယာသုံးပစ္စည်းများ ရောင်းချတဲ့ ကုမ္ပဏီများမှာလည်း ပုံစံ(၇)မူရင်းတင်ပြကာ ချေးငွေများချေးယူပြီး မိမိတို့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာ အသုံးချနိုင်တဲ့ စက်ယန္တရားများကိုလည်း ဝယ်ယူနိုင်မှာဖြစ်ပါတယ်။” ဟု အမှာစကားတွင် ထည့်သွင်းပြောကြားသွားသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ယနေ့ အခမ်းအနားတွင် ကျေးရွာအုပ်စုပေါင်း(၁၀)အုပ်စု၊ ကွင်းပေါင်း (၃၄)ကွင်း၊ တောင်သူပေါင်း(၁၇၈)ဦး၊ ဦးပိုင်ပေါင်း (၂၅၅)၊ ဧရိယာ (၁၃၀ဝ.၆၃)ဧကကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဟိုပုံးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအသီးသီးတွင် ယနေ့ထိ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးနိုင်ခဲ့မှုမှာ ကျေးရွာအုပ်စုပေါင်း(၁၆)အုပ်စု၊ ကွင်းပေါင်း(၁၄၉)ကွင်း၊ တောင်သူပေါင်း (၇၈၀၂)ဦး၊ ဦးပိုင်ပေါင်း (၁၀၁၇၉)၊ ဧရိယာပေါင်း (လယ်+ယာ+ဥယျာဉ်)ဧက (၂၆၆၀၁) ရှိပြီးဖြစ်၍ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) မရရှိသေးသော တောင်သူများကိုလည်း ဆက်လက်ထုတ်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ရရှိထားသူများသည် “လယ်ယာမြေကို လက်ရှိထားပိုင်ခွင့်၊ လယ်ယာမြေလုပ်ပိုင်ခွင့်၊ ယင်းသို့လုပ်ပိုင်ခွင့်မှ ပေါ်ထွက်လာသည့် အကျိုးအမြတ်ကို ခံစားပိုင်ခွင့်၊ လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့် စပ်လှဉ်း၍ အငြင်းပွားမှု ပေါ်ပေါက်လာပါက တည်ဆဲဥပဒေနှင့်အညီ သက်ဆိုင်ရာတရားရုံးများ၏ အဆုံးအဖြတ်ခံယူနိုင်ခွင့်၊ သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်းမရှိသရွေ့ လယ်ယာမြေလုပ်ပိုင်ခွင့်၊ လယ်ယာမြေတွင် စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်သမဝါယမအသင်း၏ ရင်းနှီးမြှုပ်နှံမှုနှင့်လည်းကောင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံ သူများနှင့်လည်းကောင်း၊ အကျိုးတူလုပ်ကိုင်ခွင့်နှင့် လယ်ယာမြေတွင် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပါဝင်သော အဖွဲ့အစည်းနှင့်ပူးပေါင်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အကျိုးတူလုပ်ကိုင်ခွင့်တို့ ရရှိမည်ဖြစ်ကြောင်း” မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဝင်းထံမှ သိရသည်။
ထက်ထက်(ဟိုပုံး)


