ဟိုပုံး ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ နောင်လိုင် ကျေးရွာ အုပ်စုရှိ ဘိန်းစိုက်ခင်းများကို ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းမှ စတင်၍ ပူးပေါင်းအဖွဲ့များက သွားရောက် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ဖျက်ဆီးရာတွင် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးမိုးကျော်သူနှင့် တပ်ဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ် မူးယစ်တပ်စု(၂၅)မှ တပ်ကြပ်ကြီး ရဲဝင့်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ဟိုပုံးမြို့နယ်တပ်မှ ဗိုလ်မှူးဘုန်းမြင့်၊ ဗိုလ်ကြီးသိန်းမင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက နောင်လိုင်ကျေးရွာအုပ်စု၊ ပန်ခတ်ကျေးရွာ၏ အနောက်ဘက် ၅ ဖာလုံခန့်အကွာ အမြင့် ၃ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၁၂ ဧကကို လည်းကောင်း၊ ပန်ကုလားကျေးရွာ၏ အနောက်မြောက်ဘက် ၂ ဖာလုံခန့်အကွာ အမြင့် ၃ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၈ ဧကကို လည်းကောင်း၊ ဒုံလိတန်ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ အမြင့် ၃) ပေရှိ သီးပွင့်ဆဲ ဘိန်းခင်း ၄ ဧကကို လည်းကောင်း၊ ထီတန်းလိတ်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ အမြင့် ၃ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၁၄ ဧကကို လည်းကောင်း၊ လိုင်းကလကျေးရွာ၏ အရှေ့မြောက်ဘက် ၁ မိုင်ခန့်အကွာ အမြင့် ၃ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၃ ဧကကို လည်းကောင်း၊ ထီဆွေးကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ အမြင့် ၃ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၁ ဧကကို လည်းကောင်း စုစုပေါင်း ၄၂ ဧကကို ပူးပေါင်းအဖွဲ့များက သွားရောက် ဖျက်ဆီးခဲ့ကြသည်။
ဟိုပုံးမြို့နယ်တွင် ဘိန်းစိုက်ခင်းများကို ဒီဇင်ဘာ ၂၆ ရက်မှ ၃၁ ရက်အထိ ဘိန်းစိုက်ခင်း စုစုပေါင်း ၂၀၈ ဧကကို ဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
ဟိုပုံး(ပြန်/ဆက်)