ဟိုပုံး ၂ နိုဝင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေကို ယနေ့ နံနက် ၁၀ တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာ မောင်မောင်သိန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်သူနှင့် ပူးပေါင်းအဖွဲ့ဝင်များက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂) ပြင်ဆင်ထားရှိမှု အခြေအနေများ ကွင်းဆင်းစစ်ဆေးခဲ့ကာ ပြည်သူများလာရောက်မဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်များအတိုင်း စီစဉ်ဆောင်ရွက်ပေးရန်နှင့် မဲရုံတွင် လိုအပ်နေမှုများကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဟိုပုံးမြို့နယ်တွင် မြို့ပေါ်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၂)အုပ်စု၊ ကျေးရွာပေါင်း (၂၉၈)ရွာ၊ မဲရုံ(၈၀)ရုံ၊ မဲပေးပိုင်ခွင့်ရှိသူ (၈၂၀၀၀)ခန့်ရှိပြီး၊ အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွား အပါအဝင် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၈၃၁၇)ဦးရှိကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)


