နေပြည်တော်၊ အောက်တိုဘာ ၂၆ ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် (၂၅-၁၀-၂၀၂၃) ရက်နေ့ မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များအား ရွှေနန်းထိုက်ဟိုတယ်၌ တွေ့ဆုံပါသည်။

တွေ့ဆုံရာတွင်ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းသည် နိုင်ငံတစ်ခု၏ စီးပွားရေးကို တိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကကျသော အခန်းကဏ္ဍအနေနှင့် ပါဝင်နေပြီး နယ်ပယ်စုံပါဝင်သည့် ကျယ်ပြန့်သော စီးပွားရေးလုပ်ငန်း ကဏ္ဍဖြစ်တာကြောင့် စီးပွားရေး လုပ်ငန်းရှင်များသာမက အခြေခံလုပ်ငန်းလုပ်ကိုင်သူများအထိ ဝင်ငွေ အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေသည့်အတွက်  ဆင့်ပွားအကျိုးသက်ရောက်မှု (Multiplyer Effect) ရှိသော လုပ်ငန်းတစ်ရပ်အဖြစ် ခေါ်ဝေါ်တင်စားလေ့ရှိပါကြောင်း။ ခရီးသွားလုပ်ငန်း အောင်မြင်တိုးတက်လာသည်နှင့် ထိုဒေသရှိပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာခြင်း၊ ဝင်ငွေတိုးတက်လာခြင်းတို့ကြောင့် ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ခြင်းကို ခရီးသွားလုပ်ငန်း၏ တိုက်ရိုက်အကျိုးဆက်များအဖြစ် အထင်အရှားတွေ့မြင်နိုင်ပါကြောင်း။ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစရှိသည့် ကဏ္ဍများတွင်လည်း သွယ်ဝိုက်သော အကျိုးကျေးဇူးများ ခံစားရရှိစေပါကြောင်း။ 

မန္တလေးခရီးစဉ်ဒေသ၊ ပုဂံခရီးစဉ်ဒေသနှင့် ပြင်ဦးလွင်ခရီးစဉ်ဒေသတို့သည် ပြည်ပခရီးသွားများသာမက ပြည်တွင်းခရီးသွားများပါ ကြိုက်နှစ်သက်ကြောင်းကို ၂၀၂၃ ခုနှစ်အတွင်း ပြည်တွင်း ခရီးသွားများလာရောက်မှု စာရင်းများအရတွေ့ရှိရပါကြောင်း။ ထို့ကြောင့် ပြည်ပခရီးသည် ဝင်ရောက်မှုကို တိုးတက်အောင် ဆောင်ရွက်နေသကဲ့သို့ ပြည်တွင်းခရီးသွားများ အတွက်လည်း သွားလာ၊ နေထိုင်စားသောက်ရေး ကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေး၊ ပြည်တွင်းခရီးသွားများ ကြိုက်နှစ်သက်သော ဆွဲဆောင်မှုများ၊ Activities များ၊ ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေးအတွက် ပြင်ဆင်လေ့ကျင့် ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း။

ပြင်ဦးလွင်ဒေသသည် ရာသီဥတုကောင်းမွန်ပြီး ခရီးသွားဧည့်သည်များ အပန်းဖြေအနားယူရန် အလွန်နှစ်သက်တဲ့ အခြေအနေကောင်းများ ရရှိထားပြီးဖြစ်သည့်အတွက် ပြင်ဦးလွင်ဒေသရှိ ခရီးသွား ဆွဲ‌ဆောင်မှုနေရာများ ထပ်မံဖော်ထုတ်ရမည်ဖြစ်ပါကြောင်း။ ဒေသ၏ယဉ်ကျေးမှုအမွေ အနှစ်များ၊ သဘာဝပတ်ဝန်းကျင်များကို ထိခိုက်ပျက်စီးမှုမရှိဘဲ တာဝန်ယူမှု တာဝန်ခံမှုရှိသော  ရေရှည်တည်တံ့သည် ခရီးသွားလုပ်ငန်းမျိုးဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အသင်းအဖွဲ့များနှင့်  ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်သွားမည် ဖြစ်ပါကြောင်းပြောကြားပါသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် တွေ့ကြုံနေရသည့် အခက်အခဲများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။
 
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေ့လယ်ပိုင်းတွင် မိတ္ထီလာမြို့ရှိ နိုင်ငံပိုင် ဟိုတယ်များဖြစ်သည့် မိတ္ထီလာဟိုတယ်နှင့် ဝန်ဇင်းဟိုတယ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါကြောင်း သိရပါသည်။