ဟင်္သာတ ၁ ဇူလိုင်
ယနေ့ထွက်ရှိသည့် (၅)ကြိမ်မြောက် ကျပ် ၁၀ဝ၀ တန် အောင်ဘာလေထီဖွင့်ပွဲတွင် (င- ၉၂၈၁၇၇) ဖြင့် ကျပ်သိန်းတစ်သောင်းခွဲဆုကြီးကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ အေးမြသာယာရပ်ကွက်မှ အသက် ၈၀ အဖွားဒေါ်ခင်တင့်က ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါအဖွားမှာ သားသမီး လက်ရှိ (၄)ဦးရှိသည့်အနက် သမီးဖြစ်သူနှင့်အတူ နေထိုင်ပြီး ခင်ပွန်း(သေဆုံး)နှင့် သားသမီးများ ထောက်ပံ့မှုတို့ဖြင့် နေထိုင်စားသောက်ပြီး လက်ရှိထိုးထားသည့် ထီဖိုးအကြွေး ၆ ထောင် ပေးရန်ကျန်သေးကြောင်း အဖွားဒေါ်ခင်တင့်က ပြောသည်။
"သားသမီးတွေ ပေးတာတွေနဲ့ လှူတာကတော့ ငါးရာ တစ်ထောင် လှူဖြစ်ပါတယ်၊ နေမကောင်းလို့ ဆေးဖိုးတောင် မပေးနိုင်သေးဘူး၊ ဆရာဘယ်တော့လာမလဲတောင်မေးရသေး၊ ထီပေါက်ပါစေလို့လည်း ဆုတောင်းတယ်လေ၊ ခုထီပေါက်တော့ လှူလို့လည်းရပီ၊ ရွာပြန်လို့ရပီ၊ သားတွေကို လိုက်ပို့ခိုင်းမယ်” ဟု အဖွားက ပျော်ရွှင်စွာပြောသည်။
အဖွားဒေါ်ခင်တင့်သည် ပခုက္ကူမြို့နယ် ပေါက်တွင် မွေးဖွားခဲ့ပြီး ခင်ပွန်းဖြစ်သူ ဟင်္သာတမြို့နယ်သားနှင့် အိမ်ထောင်ကျကာ ဟင်္သာတမြို့တွင် အခြေချနေထိုင်ခဲ့ပြီး သားသမီး (၅)ဦးထွန်း၍ ခင်ပွန်းနှင့် သားတစ်ယောက်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။
အဖွား၏ ထီဆုကြီး မထုတ်ယူမီကာလတွင် ကျန်းမာရေးနှင့် အစစအရာရာ အဆင်ပြေစေရေးအတွက် မေဃဝတီကျောင်းတိုက်ဆရာတော်၏ သြဝါဒကိုခံယူ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဇော်ထွန်းအောင်နှင့် ရပ်ကျိုးဆောင်ရွက်ဆောင်ရွက်သူများက အနီးကပ်စောင့်ရှောက် ပေးထားကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)


