ဟင်္သာတ ၂၃ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သတမြို့နယ်၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီက အထက(၃) ပြည်ထောင်စုခန်းမ၌ ပြုလုပ်ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသက်ထွန်းမင်းက အဖွင့်အမှာစကား ပြောကြားပြီး ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သန္တာထွေးက ပြည်သူ့စကားဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အများပြည်သူ၊ အစိုးရနှင့် ဌာနဆိုင်ရာများကြားတွင် ဆွေးနွေးပွဲများပြုလုပ်ပေးခြင်းဖြင့် ဆွေးနွေးနိုင်မည့် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း၊ ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲများ တက်ရောက်ဆွေးနွေးခြင်းအားဖြင့် ပါဝင်ဆွေးနွေးတတ်သည့် အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ချက်များဖြင့် ပြည်သူ့စကားဝိုင်းများကို ကျင်းပပေးနေခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သန္တာထွေးက ပြောကြားခဲ့သည်။
ယင်းနောက် လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ် ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ ဟင်္သာတမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသက်ထွန်းမင်း၊ ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာညီညီလွင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်စိုး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်မြင့်မြင့်ခိုင်နှင့် ဟင်္သာတနယ်မြေရဲစခန်းမှူး ရဲအုပ်နေဇင်တို့က ဦးဆောင်မိတ်ဆက်ဆွေးနွေးကြသည်။
ယင်းနောက် ကွမ်းယာ၊ အရက်သုံးစွဲမှုကြောင့် ဖြစ်ပေါ်သည့်ဆိုးကျိုး၊ မူးယစ်ဆေးဝါးသုံးစွဲမိတဲ့သူတွေကို ဖြတ်ဖို့လွယ်သလား၊ မူးယစ်ဆေးဝါးကာကွယ်ရေးလုပ်ငန်းတွေကို ဘယ်လိုလုပ်ဆောင်ပါသလဲ၊ မူးယစ်ဆေး ဝါးအန္တရာယ်အကြောင်း၊ဆေးလိပ်နှင့်ကွမ်းယာသည် တရားမဝင်မူးယစ်ဆေးဝါးဥပဒေတွင်ပါဝင်ပါသလား၊ အရက်ချက်စက်ရုံတွေက မူးယစ်ဆေးဝါးဥပဒေမှာ ပါဝင်ပါသလား၊ Ice နှင့် ဘိန်းဖြူမျိုးစေ့များကို ဘယ်ကရရှိပါသလဲ ခေါင်းစဉ်များဖြင့် အသီးသီးမေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်အဆင့် ဦးဆောင်ဆွေးနွေးသူများ၊ ကျောင်းအုပ်ဆရာကြီး ဦးသြမင်းနှင့် ဆရာ/ဆရာမများ၊ ကျေားင်းသား၊ ကျောင်းသူ ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)


