တွံတေး ၂၆ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်မှုနှင့် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ စျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးစေနိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကာ မြို့နယ်များအတွင်း လှည့်လည်ရောင်းချသော ဈေးကားအစီအစဉ်ကို ယနေ့နံနက်ပိုင်းက အုန်းပင်စုရပ်ကွက်၊ ရွှေဆံတော်ဘုရားလမ်း လမ်းမကြီးရှိ၊ အ.ထ.က(၁) ကျောင်းရှေ့၌ လာရောက်ရောင်းချခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာလအတွင်း မိမိတို့နေအိမ်မှ ဝေးကွာသောဈေးများသို့ သွားရောက်ဝယ်ယူခြင်း မပြုရသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန် များအား ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးတို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင် အသင်းများမှ Mobile market ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထိုသို့ ဈေးကားများဖြင့် ရပ်ကွက်များ အတွင်း လာရောက် ဈေးရောင်းချပေးရာသို့ တွံတေးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဆွေနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိနှင့် စျေးကော်မတီများက ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဈေးရောင်းဈေးဝယ်ကြစေရေးတို့အတွက် သွားရောက်ကြည့်ရှု ခဲ့ကြသည်။
ဈေးလာဝယ်သူ တစ်ဦးကလည်း "ယခုလို သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီး ဟင်းရွက်နဲ့ သား ငါးများကို တွံတေးအထိ ဒုတိယအကြိမ် လာရောင်းပေးတဲ့အတွက် ဝယ်ရတာတော်တော်အဆင်ပြေပါတယ်၊ ပြည်သူ့တွေ စျေးသက်သာပြီး၊ လက်ဆတ်တဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေ စားသုံးနိုင်မှာပါ”ဟု အုန်းပင်စုရပ်ကွက်မှ စျေးဝယ်သူ ဦးဝေလင်း ကပြောသည်။
ယခုကဲ့သို့ ဟင်းသီးဟင်းရွက်၊ သား၊ ငါးနှင့် မီးဖိုချောင်သုံး စားသောက်ကုန်များဖြစ်သော ကြက်သား၊ ဆန်၊ ဆီ၊ ကြက်ဥ၊ ကုန်ခြောက်မျိုးစုံ၊ ကုန်စိမ်း(ရှမ်းပြည်နယ်ထွတ်သီးနှံများ)နှင့် ပင်လယ်ရေငံထွက် ပုစွန်၊ ကင်းမွန်၊ ပလာတူး၊ ရေဘဝဲ၊ ဂဏန်း၊ ရွှေငါးများကို စျေးနှန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိပြီး ရပ်ကွက်များအရောက် Mobile Market စျေးရောင်းယာဉ်များဖြင့် လှည့်လည် ရောင်းချပေးမှုအား အလှည့်ကျ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)


