ဟုမ္မလင်း  ၁၄  ဇူလိုင်


စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်ရှိ နောင်ဖာမူကျေးရွာအုပ်စု၊ တောင်ခြေ ရင်းကျေးရွာ၊ တောင်ခြေရင်းလယ်ဦး ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ငှက်ပျောပင်နှင့် ဂျာမဏီ (ခေါ်) ဗိစပ်ပင်များတွင် ကျရောက်လျက်ရှိသော အဝါရောင်စက်ပြောက်ပါ နှံကောင်များသည် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများတွင် ကျရောက်သည့်ဖျက်အားပြင်းနှံကောင်များ မဟုတ်ဘဲ၊ ကော်ဖီနှံကောင် အမျိုးအစားသာဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။


“ယခုတွေ့ရှိရသော နှံကောင်များသည်  အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံများတွင် ကျရောက်သည့် ဖျက်အားပြင်း ကန္တာရနှံကောင် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ အချို့ဒေသများတွင် လက်ရှိကျရောက် လျက်ရှိသော ကော်ဖီနှံကောင်များဖြစ်ကြောင်း၊  နှံကောင်များသည် သဘာဝမျှခြေအတွက် လွန်စွာ အရေးပါသော အင်းဆက်အမျိုးအစားဖြစ်ပါကြောင်း၊ အခိုက်အတန့်သာကျရောက်တတ်၍ မလိုအပ်ပဲ ဓါတုပိုးသတ်ဆေးများ မဖြန်းရန်နှင့် လယ်ယာလုပ်ငန်းခွင်အတွက် စိုးရိမ်ပူပန်မှုမဖြစ်စေရေး၊ ကန္တာရနှံကောင်နှင့် မြန်မာနိုင်ငံတွင် လက်ရှိကျရောက်နေသော ကော်ဖီနှံကောင်များနှင့်ပတ်သက်၍ ပညာပေးစာစောင်များဖြန့်ဝေခြင်း၊ ခွဲခြားပြသခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေး က ပြောကြားသည်။


အလားတူ တောင်ခြေရင်းလယ်ဦး ဘုန်းတော်ကြီးကျောင်းအနီး အခြားသီးနှံစိုက်ခင်းများ မရှိသည့်အပြင် ကျောင်းဝင်းအတွင်းရှိ သံပုရာ၊ သရက်၊ သင်းဘောသီးနှံများတွင် ကော်ဖီနှံကောင်ကျ ရောက်မှုမရှိကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။


မွှေးကြူဇင်