နေပြည်တော် ၂၈ ဇွန် 
    

“ICT ကိုအသုံးချလို့ ပညာခေတ်ကို ဖော်ဆောင်စို့” ဖိုရမ်၏ဆောင်ပုဒ်နှင့်အညီ ICT for Education Forum ဒုတိယနေ့ အစီအစဉ်ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ဆက်လက်ကျင်းပသည်။
    

နံနက်ပိုင်းအစီအစဉ်တွင် UNESCO Myanmar ၊ Microsoft ၊ ဆိုက်ဘာဘေးကင်းနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ပညာရေးစံနှုန်းနှင့် မူဝါဒများဆိုင်ရာ အိုင်စီတီနည်းပညာ၊ ပညာရေးနည်းပညာနှင့် သတင်းအချက်အလက်စနစ်များ၊ ဆိုက်ဘာဘေးကင်း အသိပေးအစီအစဉ်၊ e-Government and e-Eduation ပညာရေးမူဝါဒနှင့် စီမံကိန်းခေါင်းစဉ်ဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြသည်။ ယင်းနောက် စကားဝိုင်းဆွေးနွေးမှုတွင် ပညာရေးဆိုင်ရာ အိုင်စီတီအလေ့အကျင့်များနှင့် ဖွံ့ဖြိုးတိုးတက်မှုခေါင်းစဉ်ဖြင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများက ဆွေးနွေးကြသည်။
    

ဆက်လက်၍ Communication Strategy Task Team (CSTT) အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) အဖွဲ့၏ ပံ့ပိုးကူညီသူနှင့် ပူးပေါင်း၍ အဖွဲ့အလိုက်ဆွေးနွေးမှုများကို အိုင်စီတီအခြေခံအဆောက်အဦ အသုံးချမှုနှင့် လက်လှမ်းမီမှု၊ သတင်းအချက်အလက်စနစ် အချက်အလက်နှင့်လုပ်ငန်းစဉ်၊ လူသားအရင်းအမြစ်နှင့် ဒစ်ဂျစ်တယ်တတ်မြောက်မှု၊ ဆိုက်ဘာ လုံခြုံရေးနှင့် အချက်အလက်လုံခြုံမှု၊ မူဝါဒအညွှန်းဘောင်ရပ်ဝန်း ခေါင်းစဉ်တို့ဖြင့် အဖွဲ့အလိုက် ဆွေးနွေးကြသည်။ 


ညနေပိုင်းတွင် ICT for Education Forum ပိတ်ပွဲကိုကျင်းပရာ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်