မန္တလေး ၂၃ စက်တင်ဘာ
မန္တလေးမြို့ အမရပူရမြို့နယ်အတွင်းရှိ ဂန္ဓမာပန်းစိုက်ပျိုးသူများ ပန်းဈေးကွက်ကောင်းမွန်သည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။ လက်ရှိကာလတွင် ရွှေဝါဝင်း ဂန္ဓမာပန်း တစ်စည်း (ပန်းနှစ်ပင်၊ ပန်းပွင့် ၁၅ ပွင့်ပါတစ်စည်း)လျှင် ဖောက်သည်ဈေးငွေကျပ် ၅၀၀၊ ကြွေဖြူတစ်စီးလျှင် ငွေကျပ် ၆၀၀ ဖြင့် ရောင်းချကြသည်။ လက်ရှိကာလ မြေတစ်ဧကလျှင် ဂန္ဓမာပန်းမျိုးငါးသောင်း စိုက်ပျိုးပြီး ငွေကျပ် သိန်း ၄၀ ကျော်အထိ ရရှိကြောင်း ပန်းစိုက်ပျိုးသူ တစ်ဦးထံမှ သိရသည်။
ဂန္ဓမာပန်းစိုက်ရန်အတွက် ပထမဦးစွာ ထယ်ရေးပြင်ခြင်းလုပ်ငန်းကို စနစ်တကျ ပြုလုပ်ကြရသည်။ ပန်းစိုက်ပျိုးနိုင်ရန်အတွက် အနည်းဆုံးထွန်းဖြင့် ငါးစပ်မျှခုတ်ရလေ့ရှိသည်။ ထယ်ရေးပြင်ပြီးသည်နှင့် ပေါင်များကို စနစ်တကျပြုလုပ်ပေးရသည်။ ပေါင်တစ်ပေါင်လျှင် အနည်းဆုံး တစ်တောင်ကျော်ကျော် ပြုလုပ်ပေးရသည့် ဒေသအတိုင်းအတာဖြင့် တစ်တောင်နှင့် လက်ငါးလုံးတိုင်းတာ စိုက်ပျိုးကြသည်။
ပေါင်တစ်ပေါင်နှင့် တစ်ပေါင်အကြား တစ်တောင်ခန့်ခြားထားကာ ရေပိုက်လမ်းအဖြစ် ထားရှိကြသည်။ ဂန္ဓမာ ပန်းပျိုးပင်များကို ပြင်ဦးလွင်မှ ဝယ်ယူကြရသည်။ ပန်းပျိုးပင်တစ်ပင်လျှင် ငွေကျပ်တစ်ဆယ်ကျပ်မှ တစ်ဆယ့်နှစ်ကျပ်အထိ ပေးရသည်။ လက်ရှိကာလ ပန်းပေါင်တစ်ပေါင်လျှင် အပင်အရေအတွက် ၁၂၀၀ ၀င်ဆံ့သည့် ပမာဏအတိုင်းအတာဖြင့် စိုက်ပျိုးထားသည်။ မြေအနေအထားအလိုက် ပေါင်အတိုအရှည်ကို လိုသလိုပြုလုပ်လေ့ရှိသည်။ မြေတစ်ဧကလျှင် ပန်းပင် ငါးသောင်းစိုက်ပျိုးကြသည်။ တစ်ဧကစိုက်ပျိုးမည်ဆိုပါက ပန်းပေါင်များကို ရက်ခြားကာ စိုက်ပျိုးလေ့ရှိသည်။ သို့မှသာ အဆုတ်အတက်ဖြင့် ဈေးကွက်ကိုအချိန်ဆွဲကာ ချိန်ဆရောင်းချနိုင်မည်ဖြစ်သည်။
ပန်းပျိုးပင်စတင်မစိုက်ပျိုးမီ ခြဆေးများခံထားရသည်။ စတင်စိုက်ပျိုးမည့်နေ့တွင် ရှေ့မှပန်းပေါင်ကို ရေစိုနေအောင် လောင်းကာ နောက်မှ မြေတွင်ထိုးက စိုက်ကြရသည်။ ပန်းစိုက်ပြီးသည်မှစကာ ရေလောင်းကြရသည်။ ရေလောင်းမှုတွင် ရာသီဥတုပူပါက သုံးခါအထိလောင်းကြပြီး ရာသီဥတုအေးပါက နှစ်ခါလောင်းကြရသည်။ ပန်းပင်များ ဖြစ်ထွန်းအောင်မြင်ရန်အတွက် ၁၅ ရက်တစ်ကြိမ် မြေဆီကျွေးပေးရသည်။ စိုက်ပြီးသုံးလကျော် လေးလအရောက်တွင် ပန်းများ ဈေးကွက်အတွင်း ရောင်းချနိုင်သည့် အနေအထားသို့ ရောက်ရှိသည်။ ဂန္ဓမာပန်းမျိုးများစွာရှိပြီး လက်ရှိကာလ မန္တလေးမြို့အနီးမှ စိုက်ခင်းများမှာ စန်းဘား၊ ကြွေဖြူနှင့် လက်ကီးမျိုးများကို အများစုစိုက်ပျိုးကြသည်။ ဂန္ဓမာပန်းပင်တစ်ပင်လျှင် အပွင့်ကိုးပွင့်မှ ဆယ်ပွင့်အထိ ပွင့်သည်။ လက်ရှိကာလ ပန်းဈေးကွက် ကောင်းမွန်သည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
တိမ်တမန်