ဇီးကုန်း   ၂၉   ဩဂုတ်

နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ကာလအတွင်း ငွေဗိုက်အစီအစဉ်ဖြင့် ငွေကြေးထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အတွင်း မည်သည့်ကိုယ်ဝန်ဆောင်မျှ မကျန်ရှိစေရေးအတွက် ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ငွေဗိုက် အက်ပလီကေးရှင်းဖြင့် မှတ်ပုံတင်လျှောက်ထားခြင်းအား ယနေ့နံနက်က မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။

မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေး ဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ငွေဗိုက်အက်ပလီကေးရှင်းမှ မှတ်ပုံတင်လျှောက်ထားခြင်းကို အဖွဲ့များခွဲ၍ ဆောင်ရွက်ပေးရာတွင် ကိုယ်ဝန်ဆောင်မိခင်၏ အချက်အလက်များ၊ ဓာတ်ပုံ၊ ဖုန်းနံပါတ်၊ ဆေးရုံတွင်ပြသထားသော ဆေးမှတ်တမ်းစာအုပ်၊ နောက်ဆုံးပြသထားသော စာမျက်နှာ၊ ငွေလွှဲမည့်စနစ်နှင့် အသုံးပြုမည့်အချက်အလက်များကို မှန်ကန်စွာဖြည့်သွင်း၍ မိုဘိုင်းဖုန်းမှတဆင့် မှတ်ပုံတင် လျှောက်ထားပေးခဲ့ကြသည်။

အဆိုပါလျှောက်ထားခြင်းကို စက်တင်ဘာလ (၁၅) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ပြီး ကိုယ်ဝန်ဆောင် မိခင်များအားလုံး ရရှိစေရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာနနှင့်အတူ အသိအမှတ် ပြုထားသော စေတနာ့ဝန်ထမ်းအဖွဲ့များကလည်း ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်()ခုအတွင်း ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုခံယူနေသူ (၁၄၀)ဦးခန့်ရှိကြောင်း၊ ငွေဗိုက်အက်ပလီကေးရှင်းတွင် ကိုယ်ဝန်ဆောင် မိခင်ထည့်သွင်းထားသည့် အချက်အလက်များနှင့်အညီ မိုဘိုင်းဖုန်းမှတစ်ဆင့် လွှဲအပ်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်းနှင့် ဇီးကုန်းမြို့နယ်တွင် ငွေဗိုက်အစီအစဉ်ဖြင့်ထောက်ပံ့ငွေ ၃၀၀၀၀ ကျပ်ကို ပထမအကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

တင့်ဆွေ (ပြန်/ဆက်)

 

321