ဇီးကုန်း၊ ဧပြီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကျေးလက်လူမှုစီးပွားဘဝ တိုးတက်လာစေရန်၊ ဆင်းရဲမှုလျော့ကျစေရန် ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သော တယ်ပင်ကန်ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ချေးငွေများပြန်လည်ထုတ်ချေးမှုကို မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဧပြီ ၁၈ ရက်က အဆိုပါကျေးရွာရှိ ဓမ္မာရုံတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ကြကြောင်း သိရသည်။
ဦးစွာ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်မှ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ စီမံကိန်းချေးငွေများ ပြန်လည်ထုတ်ချေးပေးရခြင်း၏ လုပ်ငန်းစဉ်များနှင့် သတ်မှတ်ကာလအတွင်း အတိုးအရင်းပေးဆပ်နိုင်ရေး အလေးထားဆောင်ရွက်ကြရန် ပြောကြားပြီးနောက် မြို့နယ်စီမံကိန်းတာဝန်ခံ ဦးညိုဝင်းအောင်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေများနှင့် စီမံကိန်းလက်စွဲပါ အကြောင်းအရာတွေကို ထပ်မံရှင်းလင်း ပြောကြားပေးသည်။
ဇီးကုန်းမြို့နယ် တယ်ပင်ကန်ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့မှ စီမံကိန်းစက်ဝန်းတစ်နှစ်အတွင်း အတိုးနှုန်း ကျပ် ၁၀၀ လျှင် ပြား ၅၀ နှုန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူ ၁၀၀ ထံသို့ ချေးငွေကျပ် ၃၀ ဒသမ ၉ သန်းနှင့် မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ ၃၆ ဦးထံသို့ ချေးငွေကျပ် ၄ ဒသမ ၅ သန်း စုစုပေါင်း အသင်းသူ အသင်းသား ၁၃၆ ဦးထံသို့ ချေးငွေကျပ် ၃၅ ဒသမ ၄ သန်းကို ထုတ်ချေးပေးနေမှုအား မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုညို(ကျေးလက်)


