ဇီးကုန်း၊ ဇန်နဝါရီ ၁၁

 

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ခြောက်လတာကာလအတွင်း ဒိုးနွယ်ရွာသစ်ကျေးရွာနှင့် ရတနာပုံကျေးရွာတို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်း (၄၀၀)ဗို့အားလိုင်း တည်ဆောက်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်၊ တာဝန်ခံအင်ဂျင်နီယာနှင့် စီမံကိန်းတာဝန်ခံတို့မှ ကွင်းဆင်း၍ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခြင်း၊ နည်းပညာများ စဉ်ဆက်မပြတ် ပံ့ပိုးကူညီပေးခြင်းတို့ဖြင့်  ကျေးရွာတွင်း (၄၀၀)ဗို့အားလိုင်း တည်ဆောက်ခြင်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှစတင်၍ ကျေးရွာနေ ပြည်သူလူထုကိုယ်တိုင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဒိုးနွယ်ရွာသစ်ကျေးရွာ၌ ကျေးရွာတွင်း (၄၀၀)ဗို့အားလိုင်း (၄၈၅၀)ပေ တည်ဆောက်ခြင်းကို စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်(၁၀)သန်း၊ ပြည်သူလူထုထည့်ဝင်ငွေ ကျပ် ၂၅ ဒသမ ၇၃ သန်းကျော်နှင့် ရတနာပုံကျေးရွာရှိ ကျေးရွာတွင်း(၄၀၀)ဗို့အားလိုင်း (၁၈၀၀)ပေ တည်ဆောက်ခြင်းကို စီမံကိန်းပံ့ပိုးငွေ ကျပ်(၁၀)သန်း၊ ပြည်သူလူထုထည့်ဝင်ငွေ ကျပ် ၁ ဒသမ ၆၁ သန်းကျော် အသုံးပြု၍ (၄၀၀)ဗို့အားလိုင်း တည်ဆောက်ပြီးစီးခဲ့မှုကြောင့် ကျေးရွာနှစ်ရွာရှိ အိမ်ထောင်စု (၁၂၅)စုမှ မိသားစုဝင်များကို (၂၄)နာရီပတ်လုံး လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်တော့မည်ဖြစ်ကာ ကျေးလက်နေပြည်သူများ ယခင်ကထက် လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာတော့မည်ဖြစ်ကြောင်း သိရသည်။

 

ကိုညို(ကျေးလက်)