ဇလွန် ဇန်နဝါရီ ၆

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက် ၉ နာရီတွင် မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ဗီဇပြောင်း Omicron(အိုမီခရွန်) ရောဂါသည် ကိုဗစ်-၁၉ နှင့် လုံးဝမတူတော့ခြင်း၊ ယခင် ကိုဗစ်-၁၉ ဖြစ်ပွားသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် ဆေးကြောပေးရန်၊ လက်ကိုဆေးကြောခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ရန်၊ အပြင်ထွက်ရာကပြန်လာတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း Mask များကို စနစ်တကျ စွန့်ပစ်ရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron(အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန် မိဘပြည်သူအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန်  Hand Speaker ဖြင့် လှည့်လည်၍ တိုက်တွန်းနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဝေယံ-ဇလွန်(ပြန်/ဆက်)